(နိုင်ငံတကာ) စက်တင်ဘာ ၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၅ ရက်တွင် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် တွေ့ဆုံ၍ မြန်မာ-ဗီယက်နမ် လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မြန်မာ-ဗီယက်နမ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် ရွှေရတုကို ဖြတ်သန်းခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ အဆက်ဆက်တည်ဆောက်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်မည်ဖြစ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စေရေး အတူတကွ ကြိုးပမ်းသွားရန်လည်း ဆွေးနွေးခဲ့သည်။
ထို့ပြင် အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများကို ဟန်ချက်ညီညီ တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြသည်။
မကြာသေးမီက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ခုနစ်နှစ်ကြာ ရပ်တန့်နေခဲ့သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် ၁၀ ကြိမ်မြောက်အစည်းအဝေး ပြန်လည်ကျင်းပနိုင်ခဲ့မှုကိုလည်း ကြိုဆိုခဲ့သည်။
လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ လွှတ်တော်အချင်းချင်း ဆက်ဆံရေးသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးကြီးသည့် နိုင်ငံရေးအခြေခံမဏ္ဍိုင်တစ်ရပ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လွှတ်တော်များ ပြန်လည်စတင်လည်ပတ်နေပြီဖြစ်သည့်အတွက် ဗီယက်နမ်အမျိုးသားလွှတ်တော်၏ ဥပဒေပြုရေး၊ ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများ မျှဝေပေးရန် ဆွေးနွေးခဲ့သည်။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များအကြား ထိတွေ့ဆွေးနွေးမှုနှင့် အတွေ့အကြုံဖလှယ်မှုများ ပိုမိုမြှင့်တင်ရေး၊ AIPA နှင့် IPU အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ လွှတ်တော်ဆိုင်ရာမျက်နှာစာများတွင် အပြန်အလှန်ပံ့ပိုးကူညီမှု တိုးမြှင့်ရေးတို့ကိုလည်း သဘောထားချင်းဖလှယ်ခဲ့ကြသည်။
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နှစ်နိုင်ငံဆက်ဆံရေးကို လက်တွေ့အကျိုးဖြစ်ထွန်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်မှု အားကောင်းစေရေး၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် အခြားအလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ပထဝီဝင်တည်နေရာကို အသုံးချ၍ အနောက်ဘက်ရှိ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက်များသို့ ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ကာ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း သဘောထားဖလှယ်ခဲ့ကြသည်။
ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်နိုင်ငံခရီးစဉ်ကို ကြိုဆိုပြီး ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ ဗီယက်နမ်နိုင်ငံ၏ ဥပဒေပြုရေး၊ ဥပဒေပြင်ဆင်ရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများ မျှဝေပေးရေးတို့ကို ဆက်လက်အားပေးသွားလိုကြောင်း မစ္စတာ ချန်ထန်မန်းက ပြောကြားခဲ့သည်။
ထို့အပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စားသောက်ကုန်ထုတ်လုပ်ရေးအပါအဝင် လက်တွေ့အကျိုးဖြစ်ထွန်းနိုင်သည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အလေးထားပြောကြားခဲ့သည်။
အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန်ပံ့ပိုးကူညီရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။
ဗီယက်နမ်နိုင်ငံက ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် CLMV ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အပေါ် နိုင်ငံတော်သမ္မတက ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒများဖြစ်သည့် ဒီမိုကရေစီစနစ် ပိုမိုခိုင်မာရေး၊ ဒေသအခြေခံဖက်ဒရယ်စနစ် ဖော်ဆောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးနှင့် MSME လုပ်ငန်းများ အားပေးမြှင့်တင်ရေးတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းအား မြန်မာနိုင်ငံသို့ အဆင်ပြေသည့်အချိန်တွင် လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

Telegram»…https://t.me/positiveanglenews
#PAN