မြန်မာ-ဗီယက်နမ် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

(နိုင်ငံတကာ) စက်တင်ဘာ ၆

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့၌ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် သမိုင်းကြောင်းအရ ချစ်ကြည်ရင်းနှီးသည့် ဒေသတွင်းမိတ်ဆွေနိုင်ငံများဖြစ်ပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် စာမျက်နှာသစ်ဖွင့်လှစ်နိုင်မည့် ခရီးစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်မည်ဖြစ်ရာ ဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်နိုင်ရေး ကြိုးပမ်းလိုကြောင်းလည်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၁၀ ကျော်ရှိခဲ့ပြီး နှစ်နိုင်ငံထုတ်ကုန်များမှာ အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် သဘောသဘာဝရှိသဖြင့် ကုန်သွယ်မှုတိုးချဲ့နိုင်မည့် အလားအလာများရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့အပြင် ဗီယက်နမ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန်နှင့် ယခင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ပြန်လည်ထွက်ခွာသွားသည့် လုပ်ငန်းများ ပြန်လည်ဝင်ရောက်လာရန် ဖိတ်ခေါ်ခဲ့သည်။

ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးနှင့် ငါးမွေးမြူရေး၊ ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ MSME၊ ခရီးသွားလုပ်ငန်းနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်းလည်း ပြောကြားခဲ့သည်။

အထူးသဖြင့် နည်းပညာအထူးဇုန်များ ဖော်ဆောင်ရေး၊ Chip နှင့် Server ကဲ့သို့ နည်းပညာသုံးပစ္စည်းများ ထုတ်လုပ်ရေးနှင့် လျှပ်စစ်မော်တော်ယာဉ် (EV) ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဖော်ထုတ်လိုကြောင်း ဆိုသည်။

ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ပြန်လည်အားကောင်းလာစေရေးနှင့် လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ကို ချိတ်ဆက်သည့် အရှေ့-အနောက် စီးပွားရေးစင်္ကြန်ကို ထိရောက်စွာ အသုံးချရေး၊ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးချဲ့ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်နိုင်ငံခရီးစဉ်ကို နွေးထွေးစွာကြိုဆိုပြီး ယခုခရီးစဉ်နှင့် နှစ်ဖက်အဆင့်မြင့်တွေ့ဆုံမှုများသည် မြန်မာ-ဗီယက်နမ် ဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်လိုကြောင်းလည်း ဆိုသည်။စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဈေးကွက်ချိတ်ဆက်မှု မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအတွက် ပူးပေါင်းကူညီဆောင်ရွက်ရေးတို့ကို အလေးထားကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Green Energy၊ Solar နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ကြောင်းနှင့် Mytel ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်တိုးချဲ့လိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် အခြားဖွံ့ဖြိုးရေးကဏ္ဍများမှ အတွေ့အကြုံများကို မြန်မာနိုင်ငံနှင့် မျှဝေပေးနိုင်ကြောင်း ဆိုသည်။

နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးလမ်းကြောင်းများ ချိတ်ဆက်အသုံးချရေး၊ ခရီးသွားနေရာများနှင့် ခရီးသွားထုတ်ကုန်များ တိုးချဲ့ဖော်ထုတ်ရေးနှင့် နိုင်ငံခြားခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရေးတို့တွင်လည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံရေးနှင့် အဆင့်မြင့်ခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များ တိုးမြှင့်ရေး၊ လုံခြုံရေးနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ASEAN၊ မဲခေါင်-လန်ချန်း၊ CLMV၊ ACMECS စသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မူဘောင်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကို နှစ်ဖက်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews

#PAN