(နိုင်ငံတကာ) စက်တင်ဘာ ၆
ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နိုင်ငံရေးယုံကြည်မှု ပိုမိုခိုင်မာရေးအပါအဝင် ကာကွယ်ရေးနှင့် လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒေသတွင်းဆက်သွယ်ချိတ်ဆက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား နှစ်ပေါင်း ၅၀ ကျော် တည်ရှိလာသည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းပြီး ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်မည့် အခွင့်အခါကို အသုံးချကာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသည့်အဆင့်သို့ တိုးမြှင့်လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများ တိုးမြှင့်ရန်နှင့် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားကောင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ဆိုက်ဘာရာဇဝတ်မှုနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့တွင်လည်း သတင်းအချက်အလက်နှင့် အတွေ့အကြုံများ ပိုမိုမျှဝေလိုကြောင်း ဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲအပြီး အစိုးရနှင့် လွှတ်တော်များ တာဝန်ယူဆောင်ရွက်နေမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေမှုများအပြင် NCA မူဘောင်အပေါ်အခြေခံ၍ ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်ကြိုးပမ်းနေမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ပြန်လည်တိုးမြှင့်ရန်နှင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
ယခင်က လုပ်ငန်းရပ်ဆိုင်းခဲ့သည့် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက်လည်း လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပံ့ပိုးပေးမည်ဟု ပြောကြားခဲ့သည်။
အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာပြုပြင်ထုတ်လုပ်ရေး၊ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်၊ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လိုကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။
ဒေသတွင်းဆက်သွယ်ချိတ်ဆက်မှုနှင့်စပ်လျဉ်း၍ မြန်မာ-လာအို-ဗီယက်နမ်နှင့် မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် လမ်းကြောင်းများကို ပိုမိုအားကောင်းစေပြီး မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကို အသုံးချ၍ တောင်အာရှနှင့် အရှေ့အာရှဈေးကွက်များ ချိတ်ဆက်နိုင်သည့် Land Bridge အဖြစ် ဖော်ဆောင်နိုင်ရေး အဆိုပြုခဲ့သည်။
ဗီယက်နမ်သမ္မတ မစ္စတာ တိုလန်းကလည်း နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်ယုံကြည်မှု ပိုမိုခိုင်မာစေရေးအတွက် အဆင့်မြင့်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ တိုးမြှင့်လိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း အလေးထားပြောကြားခဲ့သည်။
အခက်အခဲကြုံတွေ့ခဲ့သည့် ဗီယက်နမ်နိုင်ငံသားများအား မြန်မာနိုင်ငံဘက်မှ ကူညီပေးခဲ့မှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ဆိုသည်။
စီးပွားရေးကဏ္ဍတွင် Green Energy၊ လျှပ်စစ်ကား (EV)၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လိုကြောင်း ဗီယက်နမ်သမ္မတက ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံရှိ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို ကူညီစောင့်ရှောက်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ဗီယက်နမ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွေ့အကြုံများကို မြန်မာနိုင်ငံနှင့် မျှဝေပေးလိုကြောင်း ပြောကြားခဲ့သည်။
သိပ္ပံနှင့်နည်းပညာ၊ 5G၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် Mytel-Viettel ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားကောင်းစေရေးအပြင် ဗီယက်နမ်-လာအို-မြန်မာမှတစ်ဆင့် အိန္ဒိယအထိ ချိတ်ဆက်နိုင်မည့် လမ်းနှင့် ရထားလမ်းများအပါအဝင် ဒေသတွင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပူးပေါင်းဖော်ဆောင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
ပညာရေး၊ လေ့ကျင့်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်နှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရန်လည်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထားဆွေးနွေးခဲ့ကြသည်။ မြန်မာနှင့် ဗီယက်နမ်နိုင်ငံရှိ ခရီးသွားမြို့များအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုဆိုအားပေးကြောင်း ဗီယက်နမ်သမ္မတက ပြောကြားခဲ့သည်။
ASEAN Unity နှင့် ASEAN Centrality ကို အခြေခံ၍ CLMV၊ ACMECS နှင့် မဲခေါင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံအပြန်အလှန် ပံ့ပိုးကူညီရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လက်တွဲဆောင်ရွက်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များက အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN