ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း ၁၉ မိုင်တွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ ယာဉ်မောင်းသေဆုံး

(မှုခင်း) အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း ၁၉ မိုင်ရှိ မီးသတ်ကွေ့တွင် ခရီးသည်တင် Express ယာဉ်နှင့် အိမ်စီးကားတို့ တိုက်မိပြီး ခရီးသည်တင်ယာဉ် ချောက်ထဲကျမှု ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း ကနဦးသိရသည်။

အောက်တိုဘာ ၂၄ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။ သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများထံမှ သိရသည်။

ယာဉ်တိမ်းမှောက်ပြီး ချောက်ထဲကျနေကြောင်း သတင်းရရှိသဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်း၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းနှင့် ရတနာပုံနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူအရေအတွက် အတိအကျကိုမူ လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးပေ။