(ပြည်တွင်း) စက်တင်ဘာ ၉
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းထုတ်ခဲ့ကြသည့် မော်တော်ယာဉ်နံပါတ်ပြားအလိုက် “စုံ/မ” ခွဲခြားမောင်းနှင်သည့်စနစ်ကို ပြည်သူများ၏ နေ့စဉ်သွားလာရေးနှင့် လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေချောမွေ့စေရန် အစိုးရက ပြန်လည်ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။
ဇွန်လ ၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်နှင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးလွှတ်တော်တစ်ချို့တွင် အဆိုပါစနစ်အား မေးခွန်းထုတ်ခဲ့ကြသည်။
“စုံ/မ” စနစ်ကို ကျင့်သုံးခဲ့သည့်ကာလအတွင်း တစ်ရက်ခြားသာ မော်တော်ယာဉ်အသုံးပြုနိုင်ခြင်းကြောင့် ကျောင်းကြိုပို့ရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ သွားလာမှုများအပြင် စီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် အခက်အခဲအချို့ ဖြစ်ပေါ် နေကြောင်းတင်ပြခဲ့ကြသော်လည်း အစိုးရအနေဖြင့် “စုံ/မ” စနစ်ကို ရေရှည်အမြဲတမ်းကျင့်သုံးရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ စက်သုံးဆီရရှိနိုင်မှုအခြေအနေနှင့် သုံးစွဲမှုပမာဏကို ထိန်းညှိရန် လိုအပ်သည့် အချိန်ကာလတစ်ခုအတွင်းသာ ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာက ရှင်းလင်းခဲ့သည်။
ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်းထုတ်ခဲ့ကြသည့် ၂ ကျော်ကြာပြီးနောက် ဒီအစီအစဉ်ကို ပယ်ဖျက်ကြောင်း စက်တင်ဘာ ၉ ရက်နေ့ ဒီနေ့မှာ နိုင်ငံတော်သမ္မတရုံးက ကြေညာခဲ့သည်။
မော်တော်ယာဉ်နံပါတ်ပြားအလိုက် “စုံ/မ” ခွဲခြားမောင်းနှင်သည့်စနစ်ကို ပယ်ဖျက်ခဲ့သော်လည်း နိုင်ငံရဲ့စွမ်းအင်လုံခြုံရေးနှင့် အများပြည်သူအကျိုးဖြစ်ထွန်းစေရေးအတွက် မော်တော်ယာဉ်များ ဆီဖြည့်သွင်းသည့်နေရာတွင် QR Coder စုံ/မ စနစ်ကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ကြေညာသည်။
စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ရေရှည်ဆီဖူလုံရေးအတွက် အချိန်ကာလတစ်ခုအတွင်း ကျင့်သုံးခဲ့သည့် အဆိုပါ “စုံ/မ” စနစ်ကို ကမ္ဘာ့စက်သုံးဆီဈေးကွက်နှင့် စက်သုံးဆီရရှိနိုင်မှုအခြေအနေများကို ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချထိန်းညှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
EV ယာဉ်များမှအပ ပုဂ္ဂလိကမော်တော်ယာဉ်များကို ယာဉ်နံပါတ်ပြား၏ နောက်ဆုံးဂဏန်းအလိုက် “စုံ” ရက်နှင့် “မ” ရက် သတ်မှတ်၍ တစ်ရက်ခြား မောင်းနှင်စေခဲ့သည်။
စနစ်စတင်ချိန်တွင် မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီး မတ်လ ၁၄ ရက်မှစ၍ သတ်မှတ်ချက်များနှင့်အညီ ကျင့်သုံးခဲ့သည်။ ထို့အပြင် စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် လိုအပ်သူများ စနစ်တကျဝယ်ယူနိုင်ရေးအတွက် QR Code စနစ်ကို မတ်လ ၁၂ ရက်မှစတင်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် အသုံးပြုခဲ့သည်။
နောက်ပိုင်းတွင် Bar Code/QR Code စနစ်ကို ထပ်မံအဆင့်မြှင့်တင်ကာ ယာဉ်အင်ဂျင်စွမ်းအားအလိုက် စက်သုံးဆီဝယ်ယူခွင့်ပမာဏ သတ်မှတ်ခြင်းအပါအဝင် ဆီဖြန့်ဖြူးရောင်းချမှုကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် စနစ်တကျစီမံနိုင်ရေး ဆောင်ရွက်ခဲ့သည်။
တစ်ဖက်တွင် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး စက်သုံးဆီဖူလုံရေးအတွက် ပြည်ပမိတ်ဖက်နိုင်ငံများထံမှ ဝယ်ယူရရှိရေးနှင့် ပြည်တွင်းဖြန့်ဖြူးမှု စနစ်တကျရှိစေရေးတို့ကိုလည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

Telegram – t.me/positiveanglenews
#PAN