

(လွှတ်တော်) စက်တင်ဘာ ၉
မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်တို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲများကို စက်တင်ဘာ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မွန်းလွဲ ၁ နာရီတွင် ကွေ့ဝမ်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းအောင်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွေး (MUP)၊ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် ခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးမင်းအောင်မြင့်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်မှူး ဒေါ်စမ်းစမ်းနွယ်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဒေသခံပြည်သူများက မိမိတို့ဒေသအတွက် လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြသည်။
တင်ပြချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အလားတူ ကျိုက်မရောမြို့နယ်တွင်လည်း “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းရည်ထက်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်(ခ) ဦးကျော်ကျော်လင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်၊ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး အောင်သူရ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးလွင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသိန်းနှင့် ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ခင်နန္ဒာဝင်းတို့က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများက သိရှိလိုသည်များနှင့် ဒေသလိုအပ်ချက်များကို မေးမြန်းတင်ပြခဲ့ကြရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ကျိုက်မရောမြို့နယ် ပြည်သူ့စကားဝိုင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။