(မှုခင်း) စက်တင်ဘာ ၉
ပဲခူးမြို့နယ်၊ အင်းတကော်မြို့နယ်မြေအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက သော့မပါဘဲ ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအား မသင်္ကာ၍ ရပ်တန့်စစ်ဆေးခဲ့ရာ သနပ်ပင်မြို့နယ်ရဲစခန်းမှ တရားခံပြေးတစ်ဦးဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် အင်းတကော်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်နန္ဒစိမ်း ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ ထုံးကြီးစံပြကျေးရွာအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ထုံးကြီးကျေးရွာဘက်မှ ကဝမြို့ဘက်သို့ မောင်းနှင်လာသည့် အနက်ရောင် Honda Dream 125 ဆိုင်ကယ်တစ်စီးကို တွေ့ရှိခဲ့ရာ အဆိုပါဆိုင်ကယ်အား သော့မပါဘဲ မောင်းနှင်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ မောင်းနှင်သူ ခိုင်ရဲကို (ခ) ရဲကြီး၊ အသက် ၃၃ နှစ်သည် ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိခဲ့သဖြင့် အင်းတကော်နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN