
(နိုင်ငံတကာ) စက်တင်ဘာ ၉
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ လုပ်ပိုင်ခွင့်အာဏာနှင့် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အဋ္ဌမအကြိမ် နှစ်ပတ်လည်အစီရင်ခံစာအပါအဝင် ယင်းယန္တရား၏ ထုတ်ပြန်ချက်များအားလုံးကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။
ဂျီနီဗာမြို့၌ စက်တင်ဘာ ၇ ရက်က ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် IIMM ၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် IIMM ကို စတင်ဖွဲ့စည်းချိန်မှစ၍ အသိအမှတ်ပြုထားခြင်းမရှိဘဲ ယင်းယန္တရားတွင် ဥပဒေကြောင်းအရ အားနည်းချက်များရှိကြောင်း ရပ်တည်ထားသည်။
IIMM သည် နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ တွေ့ရှိချက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ သဘောတူညီချက်မပါဘဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ၃၉/၂ ဖြင့် ယန္တရားကို ဖွဲ့စည်းခဲ့ခြင်းမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/60/251 တို့နှင့် ကိုက်ညီမှုမရှိကြောင်း ဝန်ကြီးဌာနက ထောက်ပြထားသည်။
ထို့အပြင် ယန္တရား၏ သက်တမ်းနှင့်ပတ်သက်၍ ရှင်းလင်းသည့် ပြဋ္ဌာန်းချက်မရှိခြင်း၊ လုပ်ငန်းတာဝန်နှင့် လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်များ (TOR) အရ ကုလသမဂ္ဂအရင်းအမြစ်များအပြင် အလှူရှင်နိုင်ငံများထံမှ ရန်ပုံငွေ လက်ခံနိုင်ခြင်းတို့ကြောင့် ဘတ်ဂျက်စီမံခန့်ခွဲမှုနှင့် ရန်ပုံငွေသုံးစွဲမှု ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်စရာရှိကြောင်းလည်း ဖော်ပြထားသည်။
IIMM ၏ နှစ်ပတ်လည်အစီရင်ခံစာ A/HRC/63/19 တွင် ယခင်နှစ်များနည်းတူ မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ်စွပ်စွဲချက်များ ပါဝင်နေပြီး အတည်မပြုနိုင်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသော သတင်းအချက်အလက်များအပေါ် အခြေခံကာ ကိန်းဂဏန်းများကို ဖောင်းပွစွာဖော်ပြထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံ၏ အခြေအနေကို လွဲမှားစွာဖော်ပြမှုများသည် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်သည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အဟန့်အတားဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ဆင်ရေးများနှင့်ပတ်သက်၍လည်း လက်နက်ကိုင်အဖွဲ့များက မြို့၊ ရွာများအား တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လာသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအလိုငှာ တပ်မတော်က ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (RoE) နှင့်အညီ စစ်ရေးပစ်မှတ်များကိုသာ တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။