
(နိုင်ငံတကာ) စက်တင်ဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ယာယီနိုင်ငံတော်အကြီးအကဲတို့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကို လေ့လာဖူးမြော်သွားမည်ဖြစ်သည်။
မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရများအကြား၊ လွှတ်တော်များအကြားနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။
အလားတူ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။