တနိုင်းတွင် ပထမတန်းကျောင်းသား မြွေဟောက်ကိုက်ခံရပြီး သေဆုံး

(မှုခင်း) စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ပုန်ခုန်းရပ်ကွက်ရှိ မူလွန်ကျောင်းတွင် စက်တင်ဘာ ၈ ရက် ညနေပိုင်းက ပထမတန်းတက်ရောက်နေသည့် အသက် ၆ နှစ်ခွဲအရွယ် ကျောင်းသားတစ်ဦး မြွေဟောက်ကိုက်ခံရပြီး ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောင်းဆင်းချိန် မိဘများကို စောင့်ဆိုင်းနေစဉ် အတန်းခန်းအတွင်းရှိ ကြမ်းပြင်ကို လက်ထောက်လိုက်ရာ ဘယ်ဘက်လက်ဖမိုးအား မြွေကိုက်ခံရခြင်းဖြစ်ပြီး တနိုင်းဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ မောင်ဆွတ်ဖရိန်အောင်ဖြစ်ပြီး လဝါးစစ်ရှောင်တစ်ဦးဖြစ်ကာ ယခုနှစ်မှ အဆိုပါကျောင်းသို့ လာရောက်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရုပ်အလောင်းအား ဒူးကောင်းရပ်ကွက်၌ ထားရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းတာဝန်ရှိသူများထံ မေးမြန်းရာတွင် ဖြေကြားရန်မရှိသေးဘဲ အထက်တာဝန်ရှိသူများထံသာ မေးမြန်းရန် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျောင်းသားမိဘများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများရှိနေပြီး ကျောင်းဝင်းအတွင်း မြွေတစ်ကောင်ထပ်မံရှိနိုင်သည်ဟု စိုးရိမ်နေကြသဖြင့် ကျောင်းအတွင်းနှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးနှင့် လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုနေကြပြီး တနိုင်းဒေသတွင် ယခုကဲ့သို့ ကျောင်းသားတစ်ဦး မြွေကိုက်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်စဉ်မှာ ပထမဆုံးဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN