မိုင်းရှူးတွင် မိုးသည်းထန်ပြီး တောင်စောင်းမြေပြိုကျကာ နေအိမ် ၂ လုံးပေါ် ပိမိ၊ အမျိုးသား ၃ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦးကို ဆက်လက်ရှာဖွေနေ

(ပြည်တွင်း) စက်တင်ဘာ ၉

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်ကျေးရွာ၊ ဆိုင်းလျှံနယ်မြေအတွင်း စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းမြေပြိုကျကာ နေအိမ် ၂ လုံးပေါ်သို့ မြေပိခဲ့ပြီး လူ ၄ ဦး မြေပိနေခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျား ၃ ဦးနှင့် မ ၁ ဦး စုစုပေါင်း ၄ ဦး မြေပိနေကြောင်း သတင်းရရှိသဖြင့် လွိုင်ဆောင်ထောက်အရန်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကျား ၁ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် ကျား ၂ ဦး၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

ရှာဖွေတွေ့ရှိခဲ့သည့် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


လက်ရှိတွင် မြေပိနေသည့် အမျိုးသမီး ၁ ဦးအား ဆက်လက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။