မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်းက ဓာတ်အားခိုးယူသုံးစွဲမှု ဖော်ထုတ်အရေးယူ

(မှုခင်း) စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်းတွင် မီတာအား ပြုပြင်၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားမှုအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့တွင် ဖော်ထုတ်ရရှိခဲ့သဖြင့် စက်ရုံအား ချက်ချင်း ပိတ်သိမ်းလိုက်ပြီး နိုင်ငံတော် နစ်နာကြေးငွေကျပ် ၁၇ ဒသမ ၁၈၄ ဘီလီယံ ပေးသွင်းစေရေးနှင့် တရားစွဲဆိုရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ Control Center မှ စောင့်ကြည့်စစ်ဆေးစဉ် မြောင်းတကာစက်မှုဇုန်၊ အကွက်အမှတ် (၃၂/၃၇) ရှိ SKY MAN သံရည်ကျိုလုပ်ငန်းတွင် သုံးစွဲနေသော မီတာအမှတ် (YN-17431)၌ Alarm ပေါ်နေသဖြင့် တာဝန်ရှိသူများပါဝင်သော အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး မီတာအား ဖြုတ်ယူ၍ Test Lab ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ မီတာအား မသမာသောနည်းလမ်းဖြင့် ပြုပြင်ကာ ဓာတ်အားခိုးယူသုံးစွဲထားကြောင်း အတည်ပြု စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဓာတ်အားခိုးယူမှုကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား ယူနစ် ၂၃ ဒသမ ၃၆ သန်း (ကျသင့်လျော်ကြေးငွေကျပ် ၁၇ ဒသမ ၁၈၄ ဘီလီယံ) နစ်နာဆုံးရှုံးခဲ့ရသဖြင့် စက်ရုံအား ချက်ချင်း ပိတ်သိမ်းစေခဲ့ပြီး နစ်နာကြေးငွေများ ပြန်လည်ပေးသွင်းရေးနှင့် လျှပ်စစ်ဥပဒေနှင့်အညီ မှော်ဘီမြို့မရဲစခန်း၌ အမှုဖွင့်လှစ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း စစ်ဆေးရေးအဖွဲ့များဖြင့် တရားမဝင် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲသူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ နေပြည်တော်တွင် ၇ ဦး၊ ရန်ကုန်တွင် ၁၂ ဦး၊ မန္တလေးတွင် ၂၁ ဦး၊ မကွေးတွင် ၁၇ ဦး၊ ဧရာဝတီတွင် ၃၂ ဦး၊ ကချင်တွင် ၁ ဦး၊ မွန်တွင် ၂ ဦးနှင့် ရှမ်း (တောင်ပိုင်း) တွင် ၃ ဦး စုစုပေါင်း ၉၅ ဦးကို ဖော်ထုတ်ရရှိခဲ့ပြီး မီတာဖြုတ်သိမ်းခြင်း၊ လျော်ကြေးငွေ တောင်းခံခြင်းနှင့် ဥပဒေအရ အမှုဖွင့်တရားစွဲဆိုခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် Control Center များ၌ နည်းပညာ အဆင့်မြှင့်တင်ထားသဖြင့် ဓာတ်အားခိုးယူမှုများကို ပိုမိုဖော်ထုတ်နိုင်လာနေပြီး ပြည်သူများအနေဖြင့်လည်း ဓာတ်အားခိုးယူသုံးစွဲမှုများ တွေ့ရှိပါက သက်ဆိုင်ရာ Call Center များသို့ သတင်းပေး ပူးပေါင်းကြပါရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားကြောင်း သိရသည်။