လူနာတင်ယာဉ် ပစ်ခတ်ခံရ၍ ယာဉ်ပေါ်ပါသူတစ်ဦး သေဆုံး၊ တနင်္သာရီတွင် ပရဟိတနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အခက်တွေ့နေ

(မှုခင်း) စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့မှ သင်္ဂဟမိတ္တ နာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဉ်တစ်စီးသည် လူနာပို့ဆောင်ပြီး ပြန်လာစဉ် လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုခံရကာ ယာဉ်ပေါ်ပါသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် ယမန်နေ့ နေ့လယ်ပိုင်းတွင် တနင်္သာရီမြို့ပြည်သူ့ဆေးရုံသို့ လူနာသွားပို့ပြီး ပြန်လာသည့် မောတောင်မြို့၊ သင်္ဂဟမိတ္တ နာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဉ်သည် မောတောင်မြို့၏ အနောက်တောင်ဘက် ၅၁ မိုင်ခန့်အကွာရှိ သိန်ခွန်းကျေးရွာအနီးသို့ ရောက်ရှိစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါ ဇော်မင်းထွန်း (ခ) သားကြီး၏ ဦးခေါင်းတွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်အား ဆက်လက်မောင်းနှင်ထွက်ခွာခဲ့သော်လည်း မောတောင်မြို့သို့ မရောက်မီ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများထံ သွားရောက်ကူညီထောက်ပံ့ပြီး ပြန်လာသည့် ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်အချို့ ကျည်ထိမှန်ခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များကြောင့် အေးချမ်းစွာ သွားလာလုပ်ကိုင်နေသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပြည်သူအချင်းချင်း စာနာကူညီမှုလုပ်ငန်းများကို ထိခိုက်စေခြင်းများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် သဘာဝဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။