အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မီဒီယာကဏ္ဍ ပိုမိုအရေးပါလာဟု ပြော

(နိုင်ငံတကာ) စက်တင်ဘာ ၆

အာရှ-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေး တည်ဆောက်နိုင်ရန် မီဒီယာကဏ္ဍ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အာရှ-ပစိဖိတ် မီဒီယာဖိုရမ် (Asia-Pacific Media Forum) တွင် ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ် မီဒီယာဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းကျန့်မြို့ရှိ Qianhai International Convention Center ၌ ကျင်းပခဲ့ပြီး တရုတ်နိုင်ငံအပါအဝင် အာရှ-ပစိဖိတ်နိုင်ငံများမှ မီဒီယာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

ဖိုရမ်ဖွင့်ပွဲတွင် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Melissa Fleming၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်နှင့် ပြန်ကြားရေးဆိုင်ရာ အကြီးအကဲ Mr. Li Shulei၊ တုန်းကွမ် ပြည်နယ်ပါတီကော်မတီမှ Mr. Huang Kunming၊ ဆင်ဟွာသတင်းဌာန အယ်ဒီတာချုပ် Mr. Lyu Yansong အပါအဝင် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက အမှာစကားများ ပြောကြားခဲ့ကြပြီး မီဒီယာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာများကိုလည်း လဲလှယ်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ဖိုရမ်ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ၊ တရုတ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မီဒီယာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီး ဦးရဲတင့်က ဒီဂျစ်တယ်ကမ္ဘာတွင် သတင်းအချက်အလက်များ လျင်မြန်စွာ စီးဆင်းလာခြင်းနှင့်အတူ တိုးတက်မှုများ ရှိလာသော်လည်း သတင်းတု၊ သတင်းမှားများ ပြန့်ပွားမှု၊ နည်းပညာကွာဟမှုနှင့် ကမ္ဘာ့ရေးရာဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း ပြောကြားသည်။

ထိုသို့သော အခြေအနေတွင် အာရှ-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို တည်ဆောက်နိုင်ရန်နှင့် ပြောင်းလဲမှုများနှင့်အတူ တည်ငြိမ်အေးချမ်းပြီး သဟဇာတဖြစ်သည့် လူမှုအဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရန် မီဒီယာ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖိုရမ်တက်ရောက်နေစဉ်အတွင်း ဒုတိယဝန်ကြီးသည် ဆင်ဟွာသတင်းဌာနမှ သတင်းထောက် Feng Shuoren ၏ အာရှ-ပစိဖိတ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် China International Import Expo (CIIE) ဆိုင်ရာ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN