မြန်မာ-ဗီယက်နမ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု AI နှင့် ဒစ်ဂျစ်တယ်ကဏ္ဍအထိ တိုးချဲ့မည်

(စီးပွားရေး) စက်တင်ဘာ ၆

မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်သွားမည့်အပြင် စိုက်ပျိုးရေးနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေး၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ Artificial Intelligence (AI) နည်းပညာအသုံးချမှု၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများအထိ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဟနွိင်းမြို့၌ ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား နှစ် ၅၀ ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အခြေခံ၍ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၁၀ ဒသမ ၁၁၉ သန်းကျော်ရှိခဲ့ပြီး နှစ်နိုင်ငံ၏ ထုတ်ကုန်များမှာ အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် အလားအလာရှိသဖြင့် ကုန်သွယ်မှုကို ထပ်မံတိုးချဲ့ရန် လိုအပ်ကြောင်း သမ္မတက ပြောသည်။

ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံတွင် သတ္တမမြောက် အများဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃ ဘီလီယံကျော် တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၀ ခန့်ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ရန်လည်း တိုက်တွန်းခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားနပ်ရိက္ခာထုတ်လုပ်ရေး၊ စိုက်ပျိုးရေးသုံးစက်ယန္တရားနှင့် မျိုးစေ့ထုတ်လုပ်ရေးအပြင် စားသောက်ကုန်နှင့် ရေထွက်ကုန် တန်ဖိုးမြှင့်ထုတ်လုပ်ရေးကဏ္ဍများတွင် ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့သည်။

ထို့အပြင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေးနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ AI နည်းပညာအသုံးချမှု၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် အစိုးရဝန်ဆောင်မှုများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်လည်း အလေးထားပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ Package Tour အစီအစဉ်များအပါအဝင် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်နှင့် ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်၊ Biomass စသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး အစိုးရအနေဖြင့် ပံ့ပိုးကူညီသွားရန်လည်း သမ္မတက ပြောကြားခဲ့သည်။

အခြေခံအဆောက်အအုံ၊ သံနှင့် သံမဏိ၊ ဘိလပ်မြေထုတ်လုပ်ရေးနှင့် ဒေသတွင်းစီးပွားရေးစင်္ကြံများနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်နှင့် သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် အထူးစီးပွားရေးဇုန်များတွင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။

ထို့အပြင် မြန်မာ-ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်နှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကဏ္ဍများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကာ အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့သည့် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တည်ဆောက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Telegram»…https://t.me/positiveanglenews

#PAN