
(နိုင်ငံတကာ) စက်တင်ဘာ ၅
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဒရုန်းတိုက်ခိုက်မှုတစ်ခုနှင့် အမေရိကန်နိုင်ငံသား Matthew Van Dyke အပါအဝင် ယူကရိန်းနိုင်ငံသား အနည်းဆုံး ၁၄ ဦးတို့ ဆက်စပ်မှုရှိကြောင်း စုံစမ်းတွေ့ရှိထားသည်ဟု အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဒေလီတရားရုံးသို့ တင်ပြထားကြောင်း သိရသည်။
NIA ၏ ပြောကြားချက်အရ အဆိုပါအဖွဲ့၏ မြန်မာနိုင်ငံသို့ ခရီးစဉ်သည် မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAGs) အတွက် ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းအသုံးပြုမှု၊ ဒရုန်းတပ်ဆင်မှုနှင့် ဒရုန်းတားဆီးနှောင့်ယှက်ရေးနည်းပညာများ လေ့ကျင့်ပေးရန် ကြိုတင်စီစဉ်ထားသည့် အစီအစဉ်တစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဆိုသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲခံရပြီး မတ်လအတွင်း ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်နိုင်ငံသား Matthew Van Dyke နှင့် ယူကရိန်းနိုင်ငံသား ၆ ဦးသည် မြန်မာနိုင်ငံရှိ အရပ်ဘက်လေယာဉ်တစ်စင်းအား ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု NIA က စွပ်စွဲထားသည်။
ထို့အပြင် အဆိုပါအဖွဲ့သည် အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် စီစဉ်ခဲ့သည်ဟုလည်း NIA က စွပ်စွဲထားပြီး လက်ရှိ Tihar အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် Matthew Van Dyke နှင့် ယူကရိန်းနိုင်ငံသား Kaminskyi Viktor တို့ကို စစ်ဆေးမေးမြန်းခွင့်ပြုရန် တရားရုံးသို့ တောင်းဆိုခဲ့သည်။
Patiala House တရားရုံး အထူးတရားရုံးက NIA ၏ တောင်းဆိုချက်ကို ခွင့်ပြုခဲ့ပြီး တရားခံများအား စစ်ဆေးမေးမြန်းခြင်းသည် စုံစမ်းစစ်ဆေးရေးအေဂျင်စီ၏ လုပ်ထုံးလုပ်နည်းတစ်ရပ်ဖြစ်ကြောင်းနှင့် တရားရုံးများအနေဖြင့်လည်း စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အတွင်း ယေဘုယျအားဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။
NIA ၏ စုံစမ်းစစ်ဆေးမှုအရ ယူကရိန်းနိုင်ငံသား အနည်းဆုံး ၁၄ ဦးသည် ခရီးသွားဗီဇာများဖြင့် မတူညီသည့်ရက်များတွင် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာပြီး Guwahati မှတစ်ဆင့် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါယူကရိန်းနိုင်ငံသားများသည် မီဇိုရမ်မှတစ်ဆင့် လိုအပ်သည့် Restricted Area Permit သို့မဟုတ် Protected Area Permit များ မရှိဘဲ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း NIA က ပြောဆိုထားသည်။
မြန်မာနိုင်ငံ ဒရုန်းတိုက်ခိုက်မှုနှင့် ဆက်စပ်မှုNIA ၏ တင်ပြချက်အရ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ATR-72-600 (XY-AMI) လေယာဉ်ကို ဖေဖော်ဝါရီ ၂၀ ရက်က ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် အမေရိကန်နှင့် ယူကရိန်းနိုင်ငံသားများ ပါဝင်ပတ်သက်နေကြောင်း “ယုံကြည်စိတ်ချရသော သတင်းအချက်အလက်” ရရှိခဲ့သည်ဟု အိန္ဒိယဗဟိုအစိုးရက ပြောကြားထားကြောင်း သိရသည်။အဆိုပါလေယာဉ်သည် မြစ်ကြီးနားမှ မန္တလေးသို့ ဒေသတွင်းခရီးစဉ်အဖြစ် ပျံသန်းရန် ပြင်ဆင်နေစဉ်၊ ဒေသစံတော်ချိန် ည ၈ နာရီ ၁၂ မိနစ်တွင် ခရီးသည်များ လေယာဉ်ပေါ်တက်နေချိန်၌ FPV kamikaze ဒရုန်း အနည်းဆုံး ၂ စင်း၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း NIA က ဆိုသည်။
ဒရုန်းများတွင် RPG အမျိုးအစား ထိပ်ဖူးများ တပ်ဆင်ထားပြီး တိုက်ခိုက်မှုကြောင့် လေယာဉ်၏ နှာခေါင်းပိုင်း၊ ကိုယ်ထည်နှင့် အမြီးပိုင်းတို့ ပျက်စီးခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဒရုန်းများကို “Matthew Van Dyke module” နှင့် ဆက်နွှယ်သည့် ကွန်ရက်မှတစ်ဆင့် ဒေသခံလက်နက်ကိုင်အဖွဲ့များထံ ပေးပို့ခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုအရ ယူဆရကြောင်း NIA က ပြောကြားထားသည်။
NIA သည် ရရှိထားသည့် ဗီဒီယိုများကို အခြေခံ၍ ဒရုန်းများ၏ မူလရင်းမြစ်၊ ဖြန့်ဖြူးပေးခဲ့သည့် ကွန်ရက်၊ ဒေသခံလက်နက်ကိုင်အဖွဲ့များထံ မည်သို့ရောက်ရှိခဲ့သည်နှင့် ဒရုန်းများကို အသုံးပြုရန် နည်းပညာသင်တန်းပေးခဲ့သူ မည်သူဖြစ်သည်တို့ကို ဆက်လက်ဖော်ထုတ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အများအပြားသည် ဆယ်စုနှစ်များစွာ လှုပ်ရှားနေခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူ့စစ်များနှင့် အခြားခုခံရေးတပ်ဖွဲ့များနှင့် အလွတ်သဘော မဟာမိတ်ဖွဲ့ကာ စစ်ကောင်စီအစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင်တိုက်ပွဲများတွင် ပါဝင်နေကြောင်း NIA ၏ တင်ပြချက်တွင် ဖော်ပြထားသည်။
သို့သော် အဆိုပါစွပ်စွဲချက်များနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် “module” ၏ အတိအကျအခန်းကဏ္ဍကိုမျှ တရားရုံးတွင် အပြီးသတ်သက်သေပြနိုင်ခြင်း မရှိသေးကြောင်း သိရသည်။NIA က ဖမ်းဆီးထားသူများအား ရရှိထားသည့် ဒစ်ဂျစ်တယ်အထောက်အထားများနှင့် ထိပ်တိုက်စစ်ဆေးရန် လိုအပ်ကြောင်း ပြောကြားထားပြီး ထိုသို့စစ်ဆေးခြင်းဖြင့် အထောက်အထားများ၏ မှန်ကန်မှုကို စိစစ်နိုင်မည်ဖြစ်သကဲ့သို့ ၎င်းတို့၏ ထွက်ဆိုချက်များနှင့်လည်း တိုက်ဆိုင်စစ်ဆေးနိုင်မည်ဟု ဆိုသည်။
ထို့အပြင် ဖမ်းဆီးခံထားရသူများနှင့် မြန်မာနိုင်ငံအခြေစိုက် လက်နက်ကိုင်အဖွဲ့များအကြား ဆက်သွယ်မှု၏ သဘောသဘာဝနှင့် ဆက်သွယ်ကွန်ရက် မည်မျှအထိ ကျယ်ပြန့်သည်ကို ဖော်ထုတ်ရန်လည်း စုံစမ်းစစ်ဆေးနေကြောင်း NIA က တရားရုံးသို့ တင်ပြထားသည်။