ဖားကန့် ကျောက်စိမ်းလုပ်ကွက်များတွင် တရားမဝင်တူးဖော်မှု တားဆီးရေး ပူးပေါင်းစစ်ဆေးခဲ့ဟု ဝန်ကြီးဌာနပြော

(ပြည်တွင်း) အောက်တိုဘာ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေနှင့် လုံးခင်းဒေသရှိ ကျောက်စိမ်းလုပ်ကွက်များကို ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့် သမဝါယမအသင်းများအား သက်တမ်းတိုးပေးခြင်းမရှိဘဲ လစ်လပ်လုပ်ကွက်များအဖြစ် နိုင်ငံတော်က ထိန်းသိမ်းထားခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။

အဆိုပါ သက်တမ်းကုန်လစ်လပ်လုပ်ကွက်များအတွင်း တရားမဝင်ကျောက်စိမ်းရိုင်း တူးဖော်မှုများ မရှိစေရေးအတွက် နယ်မြေခံတပ်ရင်းနှင့် တပ်ဖွဲ့များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုံးခင်းနှင့် ဖားကန့်တူးဖော်ရေးဌာန၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ဖားကန့်)၊ ရပ်ကွက်နှင့် ကျေးရွာများမှ ရပ်မိရပ်ဖများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းနှင့် လှည့်လည်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် သက်တမ်းကုန်လစ်လပ်လုပ်ကွက်များအတွင်း တရားမဝင်တူးဖော်မှုများ မပြုလုပ်ရန် လုံးခင်းနှင့် ဖားကန့်တူးဖော်ရေးဌာနက သက်ဆိုင်ရာကုမ္ပဏီနှင့် သမဝါယမအသင်းများထံ အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း၊ လုပ်ငန်းရှင်များကို ခေါ်ယူ၍ အသိပညာပေးဆွေးနွေးခြင်းနှင့် တရားမဝင်တူးဖော်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရားဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားသည့်ကာလအတွင်း ဖားကန့်မြို့နယ်၌ အများပြည်သူ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေနိုင်သည့် လုပ်ရပ်များ ဆောင်ရွက်နေသူအချို့ကို တွေ့ရှိရကြောင်း ဝန်ကြီးဌာန၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။

ယင်းအခြေအနေကြောင့် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၂၆ ဖြင့် အမိန့်ထုတ်ပြန်ထားကြောင်း၊ ထိုသို့ထုတ်ပြန်ထားသည့်အပြင် ရတနာနယ်မြေအတွင်း လုံခြုံရေးအခြေအနေကြောင့် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ခြင်းမရှိသည့် အခြေအနေရှိကြောင်း ဝန်ကြီးဌာနက ဖြေကြားထားသည်။

ကျောက်စိမ်းရိုင်းများ တရားမဝင်သယ်ဆောင်မှု မရှိစေရေးအတွက်လည်း သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် ဒေသအာဏာပိုင်များအကြား အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောကြားထားသည်။

Telegram – t.me/positiveanglenews

#PAN