ဗီယက်နမ်သမ္မတ တိုလမ်နှင့် ဇနီးက မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးအား ဟနွိုင်း၌ ကြိုဆိုဂုဏ်ပြု

(နိုင်ငံတကာ) စက်တင်ဘာ ၅

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံတော်သမ္မတ တိုလမ်နှင့် ဇနီးတို့က မြန်မာနိုင်ငံ ပြည်ထောင်စုသမ္မတနိုင်ငံ၏ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား စက်တင်ဘာ ၅ ရက် စနေနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကြိုဆိုဂုဏ်ပြုအခမ်းအနားဖြင့် လက်ခံကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသို့ သုံးရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် လာရောက်နေခြင်းဖြစ်သည်။

အဆိုပါ တရားဝင်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာနေသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး (Comprehensive Cooperative Partnership) ကို ပိုမိုခိုင်မာအားကောင်းစေရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ခရီးစဉ်အတွင်း အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာ၊ ချိတ်ဆက်ဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရန် အလားအလာရှိကြောင်း သိရသည်။

ထိုသို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် မြန်မာနှင့်ဗီယက်နမ် နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြားနှင့် ဘက်စုံမူဘောင်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း သိရသည်။