SEA Games ၃၄ ကြိမ်မြောက်တွင် မြန်မာက အားကစားနည်း ၄၃ နည်း ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထား

(အားကစား) စက်တင်ဘာ ၅

(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံက အားကစားနည်း ၄၃ နည်း ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်သို့ သွားရောက်၍ မြင်းစီးအသုံးအဆောင်နှင့် လေ့ကျင့်ရေးပစ္စည်းများ ခင်းကျင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် အားကစားအဖွဲ့ချုပ်များအနေဖြင့် စခန်းသွင်းလေ့ကျင့်နေမှု အချက်အလက်များကို ပြည့်ပြည့်စုံစုံနှင့် အချိန်မီ ပေးပို့တင်ပြရန်၊ ပြိုင်ပွဲလိုက်ပါမည့် အားကစားသမားအင်အားစာရင်းများကို အတိအကျပေးပို့ရန်နှင့် မြန်မာ့အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားရေးရာဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ လာမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်နေသည့် ပဏာမလက်ရွေးစင် အားကစားသမားများကို တွေ့ဆုံနှုတ်ဆက်ပြီး မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များနှင့် တွေ့ဆုံကာ ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည့် (၅) ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့သည်။

ထို့အပြင် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်သို့လည်း သွားရောက်ကာ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ 10 m Air Rifle၊ 50m 3 Position၊ 10 m Air Pistol နှင့် 25 m Sport Pistol နည်းများ လေ့ကျင့်ပစ်ခတ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။