
(မှုခင်း) စက်တင်ဘာ ၅
မွန်ပြည်နယ်၊ သထုံမြို့တွင် စက်တင်ဘာ ၃ ရက်မှစတင်ကာ ရဟန်းသံဃာများမောင်းနှင်လာသည့် မော်တော်ယာဉ်များအား သထုံအမှတ်(၇၈) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက တားဆီး၍ အသိပညာပေးဟောပြောမှုများ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ အသိပညာပေးမှုများသည် အမြန်လမ်းတွင် ဘုန်းတော်ကြီးတစ်ပါး မောင်းနှင်သည့် မော်တော်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ရဟန်းသံဃာများ ယာဉ်မောင်းနှင်ခြင်းနှင့် ပတ်သက်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက တားဆီးအသိပညာပေးလာခြင်းဖြစ်ကြောင်း သိရသည်။
ရဟန်းသံဃာများ မော်တော်ယာဉ်မောင်းနှင်ခြင်း မပြုရန် သံဃာ့နာယကအဖွဲ့ အဆင့်ဆင့်ကလည်း ညွှန်ကြားထားကြောင်း သိရသည်။ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ တားဆီးမှုသည် ဖမ်းဆီးခြင်းမဟုတ်ဘဲ အသိပညာပေးခြင်းသာဖြစ်ကြောင်း ကိုယ်တိုင်ယာဉ်မောင်းနှင်လာသည့်အတွက် တားဆီးခံရသည့် သံဃာတော်တစ်ပါးက ပြောကြားသည်။
ဩဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၇/၅ နှင့် ၂၆၇/၆ အကြား၊ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ သွားသည့်လမ်း၊ ရခိုင်တပ်တံတား မရောက်မီတွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၇ ဦး လိုက်ပါလာသည့် RLG နံပါတ် Nissan X-TRAIL ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တံတားအဝင်ရှိ ကာရံထားသည့် ကွန်ကရစ်နံရံကို ဝင်တိုက်ပြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်ခဲ့သည်။
ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းအပါအဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၄ ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယင်းသို့မဖြစ်ပွားေစရန်ရည်ရွယ်၍ လက်ရှိတွင် သထုံမြို့အတွင်း ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်သို့ မောင်းနှင်လာသည့် ယာဉ်များကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက စစ်ဆေးအသိပညာပေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။