(နိုင်ငံတကာ) စက်တင်ဘာ ၄
ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဟိုင်ဖုန်းမြို့ရှိ VinFast Hai Phong Manufacturing Complex သို့ သွားရောက်၍ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား VinFast Hai Phong Manufacturing Complex သို့ ရောက်ရှိချိန်တွင် VinFast မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် VinFast တာဝန်ရှိသူများက ကုမ္ပဏီစတင်တည်ထောင်ခဲ့မှုနှင့် ဖွံ့ဖြိုးတိုးတက်လာမှု၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဆိုင်ကယ်များ ထုတ်လုပ်နေမှု၊ ခေတ်မီနည်းပညာနှင့် အလိုအလျောက်စနစ်များ အသုံးပြုဆောင်ရွက်နေမှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Video မှတ်တမ်းကို ပြသခဲ့သည်။
ရှင်းလင်းတင်ပြချက်များအရ VinFast သည် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းမော်တော်ယာဉ်အမှတ်တံဆိပ် ထုတ်လုပ်သည့်လုပ်ငန်းဖြစ်ပြီး ဟိုင်ဖုန်းမြို့ရှိ မော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းကို ၂၁ လအတွင်း အပြီးတည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
ကုမ္ပဏီစတင်တည်ထောင်ချိန်မှစ၍ ရှစ်နှစ်တာကာလအတွင်း လျှပ်စစ်မော်တော်ယာဉ် မော်ဒယ်အမျိုးမျိုးနှင့် လျှပ်စစ်ဆိုင်ကယ် မော်ဒယ်အမျိုးအစားများစွာ ထုတ်လုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် VinFast အနေဖြင့် မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် သုတေသန၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်၍ တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ဗီယက်နမ်နိုင်ငံအပြင် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း VinFast တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက VinFast မော်တော်ယာဉ်ကို လာအိုနိုင်ငံခရီးစဉ်အတွင်း ပထမဆုံး ထိတွေ့သိရှိခွင့်ရရှိခဲ့ပြီး ယင်းအချိန်မှစ၍ စိတ်ဝင်စားမှုရှိခဲ့ကြောင်း၊ ယခုကဲ့သို့ VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းသို့ ကိုယ်တိုင်လာရောက်၍ လေ့လာခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

VinFast အနေဖြင့် ဗီယက်နမ်ပြည်တွင်းဈေးကွက်၌သာမက နိုင်ငံတကာဈေးကွက်များသို့ပါ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူမိကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
မိမိအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်တွင်လည်း နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးကို ရည်ရွယ်ထားကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

VinFast ကဲ့သို့ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေသည့် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လာရောက်လေ့လာခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် ကုမ္ပဏီအနေဖြင့် ဆက်လက်အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့သည်။
ထို့နောက် VinFast မှ တာဝန်ရှိသူများက နိုင်ငံတော်သမ္မတအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် VinFast မှ တာဝန်ရှိသူများသည် အမှတ်တရမှတ်တမ်းဓာတ်ပုံ အတူတကွရိုက်ကူးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် စက်ရုံအတွင်း မော်တော်ယာဉ်ကိုယ်ထည်များ ထုတ်လုပ်တပ်ဆင်နေမှု၊ ခေတ်မီစက်ကိရိယာများနှင့် အလိုအလျောက်စနစ်များ အသုံးပြု၍ ထုတ်လုပ်နေမှု၊ မော်တော်ယာဉ်အစိတ်အပိုင်းများကို အဆင့်ဆင့်တပ်ဆင်၍ အချောထည်မော်တော်ယာဉ်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်များနှင့် နည်းပညာအသုံးပြုဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် VinFast မှ ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များအား ပြသထားရှိမှုကို ကြည့်ရှုလေ့လာကာ မော်တော်ယာဉ်များ၏ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်နိုင်စွမ်းများကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြောင်း သိရသည်။
#PAN