(ပြည်တွင်း) အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက်တံတားအထိ ၃.၄ မိုင်ရှည်လျားသည့် ကတ္တရာလမ်းပိုင်းတွင် တံတား ၅ စင်း ပြုပြင်ရန်ကျန်ရှိနေပြီး လမ်းပိုင်းတစ်လျှောက် လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ လမ်း၊ တံတားပြုပြင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက ကျောက်ကြီးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက်တံတားအထိ လမ်းပိုင်းတွင် လုံခြုံရေးဆောင်ရွက်ခြင်း၊ နယ်မြေရှင်းလင်းခြင်းနှင့် လမ်း၊ တံတားများ ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ အဆိုပါ ၃.၄ မိုင်လမ်းပိုင်းသည် အရှည် ၁၆ မိုင် ၅ ဖာလုံရှိသည့် ကျောက်ကြီး-နတ်သံကွင်း-ပဲနွယ်ကုန်းလမ်းပိုင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ယင်းလမ်းပိုင်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝန်ကြီးဌာန၏ ပြောကြားချက်အရ ၂၀၂၃ ခုနှစ်အတွင်း ကျောက်ကြီး-နတ်သံကွင်းလမ်းကြောင်းပေါ်တွင် KNU နှင့် PDF အဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တံတား ၁၈ စင်းအနက် ၁၄ စင်း ဖျက်ဆီးခံခဲ့ရကြောင်း၊ တံတားပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိစေရန် မိုင်းထောင်ခြင်းနှင့် ပြုပြင်ရေးအင်ဂျင်နီယာအဖွဲ့များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ ရှိခဲ့ကြောင်း ဖြေကြားခဲ့သည်။
လက်ရှိတွင် တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် နတ်သံကွင်းမှ ရန်မျိုးအောင်ကျေးရွာအထိ ဖျက်ဆီးခံခဲ့ရသည့် တံတား ၉ စင်းကို ပြုပြင်ပြီးဖြစ်ကြောင်း၊ ယင်းလမ်းကြောင်းတစ်လျှောက် မိုင်းရှင်းလင်းရေးလုပ်ငန်းများလည်း ဆောင်ရွက်ထားပြီး တံတားများ ထပ်မံဖျက်ဆီးခံရခြင်းမရှိစေရန် လုံခြုံရေးအစီအမံများ ချမှတ်ထားကြောင်း ဖြေကြားချက်တွင် ဖော်ပြထားသည်။
သို့သော် ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက်တံတားအထိ ၃.၄ မိုင်လမ်းပိုင်းတွင် ခရုမြောင်တံတား၊ ညောင်ကုန်းတံတား၊ ရေတွင်းဖြူတံတား၊ ထန်းလေးပင်တံတားနှင့် သဲကုန်းတံတား စုစုပေါင်း ၅ စင်းကို ဆက်လက်ပြုပြင်ရန် ကျန်ရှိနေကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် KNU နှင့် PDF အဖွဲ့များ လှုပ်ရှားမှုများပြားပြီး လမ်း၊ တံတားပြုပြင်ရေးအဖွဲ့များကို ချောင်းမြောင်းတိုက်ခိုက်မှုများ ရှိနေသည့်အတွက် ပတ်ဝန်းကျင်ကျေးရွာများ၌ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ မိုင်းရှင်းလင်းရေးနှင့် တံတားပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။လမ်းပိုင်းကို လက်ရှိတွင် ပုံမှန်အသုံးပြုနိုင်ခြင်းမရှိသေးသဖြင့် ဒေသခံများ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများအတွက် သွားလာနိုင်ရန် ရန်မျိုးအောင်ကျေးရွာမှ တမာခေါကျေးရွာ၊ တောင်စုကျေးရွာနှင့် ရွာကြီးအင်းကျေးရွာတို့ကို ဖြတ်သန်းကာ အင်းသဘောက်တံတားသို့ ရောက်ရှိနိုင်မည့် ကျေးရွာချင်းဆက်လမ်းကြောင်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးထားကြောင်း သိရသည်။
ထို့ပြင် ပဲနွယ်ကုန်းနှင့် နတ်သံကွင်းလမ်းပိုင်းကြားရှိ ကျေးရွာ ၁၃ ရွာမှ တိုက်ပွဲရှောင်ပြည်သူများကို ၂၀၂၆ ခုနှစ် ဇွန်လမှစတင်၍ မိမိတို့ရပ်ရွာများသို့ ပြန်လည်နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး နယ်မြေအေးချမ်းမှုအပေါ် မူတည်ကာ နတ်သံကွင်းနှင့် ကျောက်ကြီးကြားရှိ ကျေးရွာများအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက်တံတားအထိ လမ်းပိုင်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် လုံခြုံရေးလုပ်ငန်းများ ပြည့်စုံစွာဆောင်ရွက်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးပါက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများအပေါ် မူတည်၍ လမ်း၊ တံတားပြုပြင်ခြင်းနှင့် ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအတွက် ကုန်ကျစရိတ်တွက်ချက်သွားမည်ဖြစ်သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့သည်။

Telegram – t.me/positiveanglenews
#PAN