သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိ၊ ဟနွိုင်း၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

(နိုင်ငံတကာ) စက်တင်ဘာ ၄

ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဟနွိုင်းမြို့ရှိ နွိင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် နွိင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာရာ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ လေယာဉ်ပေါ်မှ ဆင်းသက်လာချိန်တွင် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေးသာမက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်လျက်ရှိသည်။

နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရှိရင်းစွဲ အစဉ်အလာချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုတို့ကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ တိုးမြှင့်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ် ဖြစ်သည်။