(ပြည်ပရောက်မြန်မာ) အောက်တိုဘာ ၂၀
အမေရိကန်နှင့် အနီးဝန်းကျင်နိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ အမျိုးအစား သာမန်မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လာရာတွင် မြန်မာသံရုံး၏ ခွင့်ပြန်ထောက်ခံစာ ရယူရန် မလိုအပ်တော့ကြောင်း ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက အောက်တိုဘာ ၁၉ ရက်တွင် အသိပေးကြေညာထားသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ဖြေလျှော့ပေးမှုအရ အောက်တိုဘာ ၁၅ ရက်မှစတင်၍ အဆိုပါထောက်ခံစာကို သံရုံးတွင် ရယူရန် မလိုအပ်တော့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယခင်က ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် အလုပ်ရှင်၏ ခွင့်စာနှင့် သက်ဆိုင်ရာမြန်မာသံရုံး၏ ခွင့်ပြန်ထောက်ခံစာတို့ကို ပူးတွဲတင်ပြရန် လိုအပ်ခဲ့သည်။
ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးသည် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက် ကြေညာချက်အရ အမေရိကန်၊ ပနားမား၊ ကိုလံဘီယာ၊ ဂျမေကာ၊ မက္ကဆီကိုနှင့် အမေရိကန်အနီးဝန်းကျင်ရှိ ဒေသတွင်းနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအတွက် ခွင့်ပြန်ထောက်ခံစာများကို မေလ ၁ ရက်မှစတင်၍ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခုဖြေလျှော့ချက်သည် PJ အမျိုးအစား သာမန်မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအတွက်သာ သက်ဆိုင်ကြောင်း သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Telegram – t.me/positiveanglenews
#PAN