(စီးပွားရေး) အောက်တိုဘာ ၂၀
Marga Landmark က ၎င်း၏စီမံကိန်းများကို ရပ်နားလိုက်ပြီ သို့မဟုတ် စွန့်ခွာသွားပြီဆိုသည့် သတင်းကောလာဟလများမှာ လုံးဝမမှန်ကန်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် The Central အိမ်ခန်းပိုင်ရှင်များထံ အသိပေးစာပေးပို့၍ ရှင်းလင်းပြောကြားခဲ့သည်။
ကုမ္ပဏီ၏ အသိပေးချက်အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က အသိပေးတင်ပြခဲ့သည့်အတိုင်း လက်ရှိဆောင်ရွက်နေသော စီမံရေးရာ ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာအစိုးရအာဏာပိုင်များနှင့် ပွင့်လင်းမြင်သာစွာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည့်အတွက် လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်အားလုံးကို ယခုအချိန်တွင် အပြည့်အဝ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ကုမ္ပဏီက အသိပေးထားသည်။
ထို့ပြင် လက်ရှိလုပ်ငန်းစဉ်များကြောင့် ယာယီကန့်သတ်ချက်အချို့ ရှိနေသော်လည်း လုပ်ငန်းခွင်များ ပုံမှန်လည်ပတ်နိုင်ရေး၊ စီမံကိန်းပိုင်ဆိုင်မှုများကို အပြည့်အဝ ကာကွယ်ထိန်းသိမ်းနိုင်ရေးနှင့် အိမ်ခန်းပိုင်ရှင်များနှင့် ပုံမှန်အတိုင်း ပြန်လည်ဆက်သွယ်နိုင်ရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
အိမ်ခန်းပိုင်ရှင်များအနေဖြင့် လက်ရှိအခြေအနေများကြောင့် စိုးရိမ်ပူပန်မှုများ ရှိနေမည်ကို နားလည်ကြောင်းနှင့် အခက်အခဲကာလအတွင်း အိမ်ခန်းပိုင်ရှင်များနှင့် အများပြည်သူထံ လိုအပ်သည့် သတင်းအချက်အလက်များ ပေးပို့ရာ၌ ရှင်းလင်းမှုနှင့် အချိန်မီအသိပေးမှု အားနည်းခဲ့သည့်အပေါ် ကုမ္ပဏီက ဝန်ခံတောင်းပန်ထားသည်။
ရှေ့ဆက်၍ သတင်းအချက်အလက်ပေးပို့မှု အားကောင်းလာစေရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဟုလည်း ကတိပြုထားသည်။
အိမ်ခန်းပိုင်ရှင်များနှင့် ပိုမိုနီးကပ်စွာ ပြန်လည်ဆက်သွယ်နိုင်ရန်နှင့် နောက်ဆုံးရအခြေအနေများကို တိုက်ရိုက်အသိပေးနိုင်ရန် Owner Reconnection Portal မှတစ်ဆင့် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းမှတ်ပုံတင်ပေးကြရန်လည်း ကုမ္ပဏီက မေတ္တာရပ်ခံထားသည်။
လက်ရှိတွင် စီမံရေးရာပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သဖြင့် အသေးစိတ်အခြေအနေများကို အပြည့်အဝ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေးကြောင်းနှင့် အိမ်ခန်းပိုင်ရှင်များထံ သတင်းအချက်အလက်များ ပိုမိုရှင်းလင်းစွာ၊ အချိန်မီပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Marga Landmark ၏ အသိပေးချက်တွင် ဖော်ပြထားသည်။

Telegram – t.me/positiveanglenews
#PAN