PDF များအတွက် ပြည်ပထောက်ပို့ ၅ သောင်းကျော် လျော့ကျ၊ ငွေကြေးအခက်အခဲကြောင့် လူသတ်၊ ဓားမြတိုက်၊ ပြန်ပေးဆွဲမှုများ ပိုမိုလုပ်လာနိုင်ဟု နိုင်ငံရေးလေ့လာသူ သုံးသပ်

(ပြည်တွင်း) စက်တင်ဘာ ၄

PDF များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ပြည်ပထောက်ပို့အင်အားသည် ပြီးခဲ့သည့် ၅ နှစ်အတွင်း တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး လက်ရှိတွင် ထောက်ပို့သူ ၁၇,၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ထောက်ပို့တာဝန်မှ ရပ်နားသူများပြားလာခြင်းနှင့် ပြီးခဲ့သည့် လပိုင်းများအတွင်း ထောက်ပို့မှုများ ဆက်တိုက်လျော့ကျလာခြင်းတို့ကြောင့် ပြည်ပထောက်ပို့ ၅၀,၀၀၀ ကျော် ရုတ်တရက် ထောက်ပံ့မှု ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ထောက်ပို့တပ်သားများသည် အစုလိုက်အပြုံလိုက် တစ်ပြိုင်နက်တည်း ရပ်နားသွားခြင်းမဟုတ်ဘဲ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ၅ နှစ်တာကာလအတွင်း တဖြည်းဖြည်း ရပ်နားသွားခြင်းဖြစ်ကြောင်း PDF ဘက်က ဝန်ခံထားသည်။

ထောက်ပို့ ၅ သောင်းကျော် လျော့ကျသွားသည်ဆိုသည့် အရေအတွက်မှာလည်း ၅ နှစ်တာကာလအတွင်း စုစည်းထားသည့် စုစုပေါင်းအရေအတွက်ဖြစ်ပြီး၊ အထူးသဖြင့် နောက်ဆုံး ၂ လအတွင်း ထောက်ပို့အင်အားမှာ သိသိသာသာ ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ပို့များအကြား အချင်းချင်းယုံကြည်မှု နည်းပါးလာခြင်း၊ ငွေကြေးအသုံးပြုမှုနှင့် စာရင်းဇယားများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းတင်ပြမှု မရှိခြင်း၊ ထောက်ပို့ငွေများ အလွဲသုံးစားပြုလုပ်ခြင်းနှင့် ထောက်ပို့အကြောင်းပြ၍ ကိုယ်ကျိုးအတွက် အသုံးချခြင်းတို့သည် ထောက်ပို့မှု လျော့ကျလာရသည့် အဓိကအကြောင်းရင်းများအဖြစ် ဖော်ပြထားသည်။

ထောက်ပို့မှုသည် PDF များအတွက် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် ထောက်ပို့တာဝန်မှ ရပ်နားသူများ ပိုမိုများပြားလာပါက PDF များ၏ ရပ်တည်ရှင်သန်နိုင်မှုအပေါ် ထိခိုက်လာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။

ထို့အပြင် PDF များအနေဖြင့် ငွေကြေးနှင့် အထောက်အပံ့များ ပိုမိုခက်ခဲလာပါက လူသတ်ခြင်း၊ ဓားမြတိုက်ခြင်းနှင့် ပြန်ပေးဆွဲခြင်းကဲ့သို့သော ရာဇဝတ်မှုများကို ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားထားသည်။