ထန်းတပင်က အလုပ်သမား ၃,၀၀၀ ကျော် လုပ်ကိုင်နေသည့် Teng Hui အထည်ချုပ်စက်ရုံ စက်တင်ဘာလကုန် ပိတ်သိမ်းမည်

(စီးပွားရေး) စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာရှိ အလုပ်သမား ၃,၀၀၀ ကျော် လုပ်ကိုင်နေသည့် Teng Hui Myanmar သိုးမွှေးအထည်ချုပ်စက်ရုံကို ယခု စက်တင်ဘာလကုန်တွင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စက်ရုံဝန်ထမ်းများကို စက်တင်ဘာ ၂ ရက်တွင် အသိပေးခဲ့သည်ဟု သိရသည်။

Teng Hui Myanmar စက်ရုံသည် ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်သည့် H&M အမှတ်တံဆိပ်အတွက် အထည်ချုပ်လုပ်ပေးနေသည့် စက်ရုံဖြစ်ပြီး လက်ရှိကာလတွင် စက်ရုံအများစုမှာ အော်ဒါရရှိမှု လျော့နည်းလာခြင်း၊ ကုန်ကြမ်းရရှိရန် ခက်ခဲခြင်းနှင့် စက်ပစ္စည်းအရန်ပစ္စည်းများ တင်သွင်းရရှိရန် ခက်ခဲခြင်း လုပ်ငန်းရပ်နားခြင်းနှင့် စက်ရုံပိတ်သိမ်းခြင်းများအထိ ဖြစ်ပေါ်လာနေကြောင်း သိရသည်။

စက်ရုံပိတ်သိမ်းမှုကြောင့် ဝန်ထမ်းများအတွက် နစ်နာကြေးများကို သတ်မှတ်ထားသည့် အလုပ်ခန့်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Teng Hui စက်ရုံသည် ၂၀၁၃ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သဖြင့် လက်ရှိတွင် စက်ရုံသက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ အကြီးစားအထည်ချုပ်စက်ရုံများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ကြောင့် စက်ရုံပိတ်သိမ်းမှုသည် ထောင်နှင့်ချီသည့် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်လာနိုင်ပြီး အလုပ်သမားများအတွက် အခက်အခဲများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ စက်ရုံပိုင်ရှင်ဘက်တွင်လည်း လုပ်ငန်းဆက်လက်ရပ်တည်ရန် ခက်ခဲသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသည့်အပြင် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကုန်ကျစရိတ်များလည်း မြင့်တက်လာခြင်းကြောင့် စက်ရုံအလုပ်သမားများဘက်မှ လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ပိုမိုများပြားလာကြောင်း သိရသည်။

စက်ရုံများအနေဖြင့် အော်ဒါရရှိမှု နည်းပါးလာခြင်းအပါအဝင် လုပ်ငန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့် အခြေအနေများကြောင့် လုပ်ငန်းလည်ပတ်မှု အဆင်မပြေဘဲ လစာတိုးမြှင့်ပေးရန် မတတ်နိုင်သည့်အပြင် လုပ်ငန်းရပ်နားခြင်းနှင့် စက်ရုံပိတ်သိမ်းခြင်းများအထိ ဖြစ်လာနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၂၉ ဇုန်ရှိပြီး အဆိုပါစက်မှုဇုန်များအတွင်း CMP စနစ်ဖြင့် လုပ်ကိုင်သည့် အထည်ချုပ်စက်ရုံများ အများအပြားရှိကြောင်း သိရသည်။

CMP အထည်ချုပ်လုပ်ငန်းဆိုသည်မှာ ပြည်ပနိုင်ငံများမှ ကုန်ကြမ်းများကို တင်သွင်းပြီး မြန်မာနိုင်ငံအတွင်း ကုန်ချောအဖြစ် ထုတ်လုပ်ကာ ပြည်ပနိုင်ငံများသို့ ပြန်လည်တင်ပို့သည့် လုပ်ငန်းစနစ်ဖြစ်သည်။