
(မှုခင်း) စက်တင်ဘာ ၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး နင်းမိုင်းနင်းမိပေါက်ကွဲမှုကြောင့် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် လွိုင်ကော်မြို့နယ်၊ ထီရိကျေးရွာနေ ဒေါ်ငဲတူး၊ အသက် ၄၇ နှစ်သည် ကျေးရွာမြောက်ဘက်ရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါနင်းမိုင်းကို အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) က ထောင်ထားခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်ငဲတူးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ထို့နောက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်စဉ်ကို စိစစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။