
(နိုင်ငံတကာ)မေ ၁၈
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ရရှိထားသည့် မရေရာသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပြိုလဲလုနီးပါး တင်းမာလာနေစဉ်၊ စစ်ပွဲအဆုံး သတ်ရေးအတွက် အမေရိကန်ဘက်က ကမ်းလှမ်းထားသည့် နောက်ဆုံးအဆိုပြုချက်အပေါ် အီရန်အစိုးရက ကြား ခံနိုင်ငံဖြစ်သော ပါကစ္စတန်မှတစ်ဆင့် ပြန်လည်တုံ့ပြန်လိုက်ပြီ ဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei) က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ဝါရှင်တန်၏ အဆိုပြုချက်အပေါ် တေဟီရန်၏ တုံ့ပြန်ချက်ကို ပါကစ္စတန်မှတစ်ဆင့် အမေရိကန်ဘက်သို့ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ် ကြောင်း အတည်ပြုခဲ့သည်။
ပြီးခဲ့သည့် ခြောက်သီတင်းပတ်ကြာ တိုက်ပွဲများကို ရပ် တန့်ပေးထားသည့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း နှစ်ဖက်စလုံးက အဆိုပြုချက်များစွာ အပြန် အလှန် လဲလှယ်ခဲ့ကြသော်လည်း ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးနေသည့် အဆိုပါဆွေးနွေးပွဲများမှာ လက်ရှိတွင် ရပ်တန့်နေသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း လက်ရှိအပစ်အခတ်ရပ်စဲရေးမှာ “အသက်ရှူစက် တပ်ထားရသည့်အခြေ အနေ” (On life support)သာ ရှိတော့ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
အီရန်သတင်းအေဂျင်စီ ဖားစ် (Fars)၏ ဖော်ပြချက်အရ အမေရိကန်ဘက်က အချက် ၅ ချက်ပါဝင်သောစာရင်းတစ်ခုကို ပေးပို့ခဲ့ပြီး အီရန်အနေဖြင့် တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ပါဝင်လာမှသာ တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ဖော်ပြထား သည်။ ထို့အပြင် အီရန်အနေဖြင့် နျူကလီးယားစက်ရုံ တစ်ခုတည်းကိုသာ ချန်လှပ်၍ ကျန်အစီအစဉ်များကို ဖျက်သိမ်းရန်နှင့် သန့်စင်မွမ်းမံထားသည့် ယူရေနီယံသိုလှောင်မှုများကို အမေရိကန်သို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။
အီရန်၏ အဆိုပြုချက်တွင် စစ်ပွဲစတင်ကတည်းက အီရန်က အဓိကအားဖြင့် ပိတ်ထားခဲ့သည့် အရေးပါသော စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်သော မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို တေဟီရန်က ဆက်လက်ထိန်းချုပ် စီမံသွားမည်ဖြစ် ကြောင်း အလေးအနက် ဖော်ပြထားသည်။
လွန်ခဲ့သည့်သီတင်းပတ်က ပေးပို့ခဲ့သော ယခင်အဆိုပြုချက်ဟောင်းတွင်လည်း အီရန်က စစ်မျက်နှာအားလုံး၌ စစ်ပွဲကို အဆုံးသတ်ရန်နှင့် ဧပြီလ ၁၃ ရက်နေ့ကတည်းက စတင်ခဲ့သည့် အီရန်ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘဲဆင့် က အီရန်၏ စစ်ယန္တရားထံသို့ ဘဏ္ဍာရေးထောက်ပံ့မှုများ မရောက်ရှိစေရန် G7 ဘဏ္ဍာရေးဝန်ကြီးများကို ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ဖို့ တောင်းဆိုသွားမည်ဟု ဆိုသည်။ ထို့အပြင် သမ္မတ ထရန့်သည် စစ်ရေးအရ ပြန်လည်တိုက်ခိုက်မည့် ရွေးချယ်စရာများကို ဆွေးနွေးရန် အင်္ဂါနေ့တွင် ထိပ်တန်းအမျိုးသားလုံခြုံ ရေးအဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်သည်။
သမ္မတ ထရန့်က ၎င်း၏ Truth Social လူမှုကွန် ရက်တွင် “အီရန်အတွက် အချိန်နာရီက တရွေ့ရွေ့ ကုန်ဆုံးနေပြီ။ သူတို့ မြန်မြန်ဆန်ဆန် လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် သူတို့ဆီမှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး။ အချိန်က သိပ်ကိုအရေးကြီးနေပြီ” ဟု ပြင်းထန်စွာ သတိ ပေးထားသည်။
နိုင်ငံရေးလေ့လာသူများကမူ ထရန့်၏အနီးနားတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် စစ်လိုလားသူများ ဝန်းရံနေခြင်းကြောင့် အမေရိကန်သည် လာမည့် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း စစ်ပွဲကို ပြန်လည်စတင်နိုင်ခြေရှိကြောင်း ခန့်မှန်းနေကြသည်။ သို့သော်လည်း အီရန်နိုင်ငံ ခြားရေးဝန်ကြီးဌာနကမူ တစ်ဖက်အုပ်စု၏ သေးငယ်သည့် အမှားတစ်ခုခုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်ရန်နှင့် မည်သည့်အခြေ အနေမျိုးအတွက်မဆို အပြည့်အဝ အဆင်သင့်ရှိနေကြောင်း တုံ့ပြန်ပြောကြားထားပါသည်။
#Iran #USA #DonaldTrump #Pakistan #StraitofHormuz #MiddleEastCrisis #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN