
(နိုင်ငံတကာ)မေ ၁၉
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား စစ်ရေးအရ တင်းမာမှုများ ရှိနေစဉ်၊ သမ္မတ ဒေါ်နယ်ထရန့်က အီရန်အပေါ် ပြုလုပ်ရန် စီစဉ်ထားသည့် ကြီးမားသော တိုက်ခိုက်မှုအစီအစဉ်ကို ယာယီရွှေ့ ဆိုင်းလိုက်ကြောင်း ကြေညာလိုက်သည်။ ယခုကဲ့သို့ ဆုံးဖြတ်ချက်ပြောင်းလဲရခြင်းမှာ ဒေသတွင်း မဟာ မိတ်နိုင်ငံများ၏ ကြားဝင်တောင်းဆိုမှုနှင့်အတူ ‘အလေးအနက်ထား ဆွေးနွေးမှုများ’ စတင်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
သမ္မတ ထရန့်က ၎င်း၏ Truth Social လူမှုကွန် ရက်အကောင့်မှတစ်ဆင့် ကာတာနိုင်ငံ၏ စော်ဘွား တာမင် ဘင် ဟာမက် အယ်လ် သာနီ၊ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင် ဆယ်လ်မန် နှင့် အာရပ်စော်ဘွားများပြည် ထောင်စု(UAE) ခေါင်းဆောင်များ ၏ တောင်းဆိုချက်ကြောင့် မေလ ၁၉ ရက် (အင်္ဂါနေ့) တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အီရန်တိုက်ခိုက်ရေးအစီအစဉ်ကို ဆိုင်းငံ့ရန် စစ်ဝန်ကြီး ပီတီ ဟက်ဂ်ဆက်သ် နှင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုရော အရှေ့အလယ်ပိုင်းက နိုင်ငံအားလုံးအတွက်ပါ လက်ခံနိုင်စရာကောင်းတဲ့ သဘော တူညီချက်တစ်ခု ရရှိလာတော့မှာပါ” ဟု ထရန့်က ဆိုသော် လည်း “လက်ခံနိုင်လောက်တဲ့ သဘော တူညီချက်တစ်ခု မရရှိခဲ့ရင်တော့ အီရန်ကို အချိန်မဆိုင်းဘဲ အကြီးအကျယ်၊ အပြည့်အဝ ဝင်ရောက်တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားကြ” ဟု စစ်တပ်ကို အမိန့်ပေးထားဆဲ ဖြစ်သည်။ အမေရိကန်အစိုးရအနေဖြင့် အီရန်အား နျူကလီးယားလက်နက် လုံးဝပိုင်ဆိုင်ခွင့်မပေးရေးကို ကျော်ဖြတ်၍မရသော စည်း (Red line) အဖြစ် သတ်မှတ်ထားသည်။
အမေရိကန်၏ ပြင်းထန်သော ဖိအားပေးမှုများနှင့် ပတ် သက်၍ အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန် က “ဆွေးနွေးပွဲလုပ်တယ်ဆိုတာ အညံ့ခံတာကို မဆိုလိုပါဘူး။ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဟာ ဂုဏ်သိက္ခာရှိရှိ၊ လုပ်ပိုင်ခွင့်အာ ဏာအပြည့်နဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရင်း ဆွေးနွေးပွဲထဲကို ဝင်ရောက်မှာဖြစ်ပြီး ဘယ်လိုနည်းနဲ့မှ နောက် ဆုတ်မှာမဟုတ်ပါဘူး” ဟု တုံ့ပြန်ခဲ့သည်။ အီရန်ဘက်က ၎င်းတို့၏ ပြည်ပပိုင်ဆိုင်မှုများ ပြန်လွှတ်ပေးရန်နှင့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် အဓိကတောင်းဆိုထားသည်။
ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက စတင်ခဲ့သည့် ယခုစစ်ပွဲသည် လက်ရှိတွင် ထရန့်အစိုးရအတွက်ပါ နိုင်ငံရေးအရ ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေသည်။ ပင်တဂွန်၏ အဆိုအရ စစ်စရိတ်မှာ အနည်းဆုံး ဒေါ်လာ ၂၉ ဘီလီယံ ကုန်ကျခဲ့ပြီးဖြစ်ကာ၊ လတ်တလော The New York Times ၏ လူထုဆန္ဒစစ်တမ်းအရ အမေရိကန်ပြည်သူ ၆၄ ရာခိုင်နှုန်းက ဤစစ်ပွဲကို မှားယွင်းသော ဆုံးဖြတ်ချက်အဖြစ် ရှုမြင်နေကြသည်။
ထို့အပြင် စစ်ပွဲကြောင့် ကမ္ဘာ့အရေးပါဆုံး စွမ်းအင်လမ်း ကြောင်းဖြစ်သည့် ‘ဟော်မုဇ်ရေလက်ကြား’ ပိတ် ဆို့ခံထားရသဖြင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာနေသည်။ ထို့ကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘဲဆင့် က စျေးကွက်တည်ငြိမ်စေရန်အတွက် စွမ်းအင်ပိုင်းဆိုင်ရာ ထိခိုက်လွယ်ဆုံးသော နိုင်ငံများကို ပိတ်ဆို့ခံထားရသည့် ရုရှားရေနံအား ရက်ပေါင်း ၃၀ ကြာ ယာယီဝယ်ယူသုံးစွဲခွင့်ပြုမည့် အထွေ ထွေလိုင်စင်တစ်ရပ် ထုတ်ပေးမည်ဖြစ်ကြောင်း ကြေ ညာခဲ့သည်။
အမေရိကန်နှင့် အီရန်အကြား ပါကစ္စတန်နိုင်ငံက ကြားခံစေ့စပ်ပေးနေသည့် ဆွေးနွေးပွဲများကြောင့် စစ်ရေးအရ ခေတ္တဆိုင်းငံ့ထားသော်လည်း ဒေသတွင်း ပဋိပက္ခများမှာမူ ဆက်လက်တောက်လောင်နေဆဲ ဖြစ် သည်။ လက်ဘနွန်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးထားသော် လည်း အစ္စရေး၏ ဗုံးကြဲမှုများကြောင့် တနင်္လာနေ့က လူ ၇ ဦး ထပ်မံသေဆုံးခဲ့ရာ၊ မတ်လ ၂ ရက်ကတည်းကဆိုလျှင် လက်ဘနွန်တွင် သေဆုံးသူ ၃,၀၂၀ ဦးအထိ ရှိလာခဲ့ပြီဖြစ် သည်။
တစ်ချိန်တည်းမှာပင် ဂါဇာဒေသသို့ သွားရောက်မည့် အကူအညီပေးရေး ရေယာဉ်အုပ်စု (Aid flotilla) မှ ရေ ယာဉ် ၄၇ စီးခန့်ကို အစ္စရေးစစ်တပ်က နိုင်ငံ တကာရေပြင်တွင် ထပ်မံစီးနင်းသိမ်းဆည်းပြီး တက်ကြွလှုပ်ရှားသူ ရာနှင့်ချီကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းကြောင့် နိုင်ငံတကာ၏ ကန့်ကွက်ရှုတ်ချမှုများလည်း ပိုမိုပြင်းထန်လာနေကြောင်း သိရှိရပါသည်။
#MiddleEastCrisis #DonaldTrump #IranConflict #Pezeshkian #StraitofHormuz #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN