
(ပြည်တွင်း) မေ ၁၈
မြဝတီမြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အထိအခိုက်နှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မေလ (၁၈) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက်ရှိ ဘောလုံးကွင်း၌ သဘာဝဘေးအရေးပေါ် တုံပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တယား) စုဖွဲ့မှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်းနှင့် ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြဝတီခရိုင် ဦးစီးမှူး ဦးဉာဏ်မြင့်က သဘာဝဘေးအရေးပေါ် တုံပြန်ဆောင်ရွက်မှု၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ယာယီခိုလှုံရာ ကယ်ဆယ်ရေးစခန်း (၁၁) ခုအတွက် စီမံချက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ဆက်လက်ရှင်းလင်းခဲ့သည်။
ဆက်လက်၍ သဘာဝဘေးအရေးပေါ် တုံပြန်ဆောင်ရွက်ရေး လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ရာ သောင်ရင်းမြစ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများနှင့် အရေးပေါ်လူနာများအား လူနာတင်ယာဉ်ဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခြင်းများကို လက်တွေ့ဇာတ်တိုက် လေ့ကျင့်ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လေ့ကျင့်မှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ပါဝင်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။