အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်း Taxi ခရီးသည်တွေဆီက ခြိမ်းခြောက် ငွေတောင်းခံနေတဲ့ လူမိုက်ပွဲစား နှစ်ဦးကို ဖမ်းဆီးအရေးယူ

(မှုခင်း) မေ ၁၂

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ကားကွင်းအတွင်းမှာ လူမိုက်တွေဟာ လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်နေကြပြီး Taxi သမားတွေနဲ့ ခရီးသည်တွေဆီက ခြိမ်းခြောက် ငွေတောင်းခံနေတာတွေကို လုပ်ကိုင်နေကြပါတယ်။

အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်းမှာ လူခေါ်ပွဲစားတွေဟာ အခုလို မိုက်ကြေးခွဲ လုပ်ဆောင်နေကြကြောင်း သတင်းအရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဟာ ပြည်သူတွေရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုနဲ့ နယ်မြေသတင်း ရယူစုံစမ်းဆောင်ရွက်ခဲ့ပြီးနောက် လူခေါ်ပွဲစားနှစ်ဦးကို မေလ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

လူမိုက်ပွဲစားတွေဖြစ်ြတဲ့ အသက် ၄၈ နှစ်အရွယ် ဇော်လင်းထွန်း(ခ)တာတီးကို မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီးက လည်းကောင်း၊ အသက် ၃၈ နှစ်အရွယ် စိုးသီဟ(ခ)ချစ်သားကို မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ ခရေပင်လမ်းနဲ့ အမှတ်(၃)လမ်းဆုံအနီးမှာ လည်းကောင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ လူမိုက်ပွဲစားတွေဖြစ်ကြတဲ့ တာတီးနဲ့ ချစ်သားတို့ရဲ့ ထွက်ဆိုချက်များအရ ၎င်းတို့ နှစ်ဦးဟာ ဖမ်းဆီးဖို့ကျန်ရှိနေသေးတဲ့ သိန်းထိုက်အောင်(ခ)ဂျပန်ကြီးနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစတင်ပြီး အောင်မင်္ဂလာ အဝေးပြေးကားကွင်းအတွင်းမှာ Taxi ယာဉ်တွေ၊ ဆိုင်ကယ်ကယ်ရီတွေဆီက လစဉ်ကြေးကောက်ခံတာတွေ၊ ခရီးသည်တင်ကားဆီက ဆင်းလာတဲ့ ခရီးသည်တွေကို အငှားယာဉ် ငှားရမ်းစီးနင်းဖို့ ဖိအားပေးပြောဆိုပြီး သတ်မှတ်ဈေးထက် ပိုမိုတောင်းခံတာတွေ၊ အငှားယာဉ်မောင်းသမားတွေအပေါ် ငွေကြေးခေါင်းပုံဖြတ်တာတွေကိုကို အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်းက လမ်းတွေအလိုက် နေရာအပိုင်စားခွဲပြီး လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲပြီး ငွေကြေးတောင်းခံခဲ့ကြကြောင်း ပြည်ထဲရေးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ လူမိုက် တာတီးနဲ့ ချစ်သားတို့ နှစ်ဦးကို ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူထားကြောင်းနဲ့ ဂျပန်ကြီးကိုပါ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိနေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။