ဟန်တာဗိုင်းရပ်စ်ကူးစက်ခံရသည့် ခရီးသည်များကို ရွှေ့ ပြောင်းမှုပြီးဆုံး – အမေရိကန်နိုင်ငံသားတစ်ဦး ထပ်မံပိုးတွေ့ရှိ

(နိုင်ငံတကာ)မေ ၁၂

     သေစေနိုင်သော ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုဖြစ်ပွားခဲ့သည့် MV Hondius အပျော်စီးသင်္ဘောပေါ်မှ နောက်ဆုံးကျန်ရှိနေသော ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးသည့် စစ်ဆင်ရေးသည် ယနေ့တွင် အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်သည်။ သို့သော်လည်း နေရပ်ပြန်ရောက်ရှိသွားသည့် အမေရိကန်နိုင်ငံသားတစ်ဦးထံတွင် ဗိုင်းရပ်စ်ပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သဖြင့် စိုးရိမ်မှုများရှိနေဆဲဖြစ်သည်။

​     တနင်္လာနေ့တွင် နောက်ဆုံးရွှေ့ပြောင်းရေးလေ ယာဉ်နှစ်စင်းသည် နယ်သာလန်နိုင်ငံသို့ ဆိုက်ရောက်လာခဲ့ပြီး ခရီး သည်နှင့် ဝန်ထမ်း ၂၈ ဦးကို သယ် ဆောင်လာခဲ့သည်။ ၎င်းတို့အားလုံးကို အိန္ဒဟိုဗင်လေတပ်စခန်းအနီးရှိ သီးခြားစောင့်ကြည့်ရေးစခန်း (Quarantine)သို့ ပို့ဆောင်ထား သည်။ ဤစစ်ဆင်ရေးအတွင်း နိုင်ငံပေါင်း ၂၀ ခန့်မှ လူပေါင်း ၉၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်အထိ နယ်သာလန်နှင့် ဂျာမနီနိုင်ငံသား စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

​     အမေရိကန်ကျန်းမာရေးဝန်ကြီးဌာန (HHS)၏ ထုတ်ပြန်ချက်အရ သင်္ဘောပေါ်မှ ပြန်လည်ကယ်ထုတ်လာသည့် အမေရိကန်နိုင်ငံသား ၁၈ ဦးအနက် တစ်ဦးမှာ နီဘရားစကားပြည်နယ်ရှိ ဆေးဘက်ဆိုင်ရာဌာနတွင် စစ်ဆေးရာ၌ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် လည်း အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာက အခြေအနေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်းနှင့် စိုးရိမ်စရာမရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူး ချုပ် တက်ဒရိုစ်က ယခုဖြစ်စဉ်နှင့် ပတ်သက်၍ လူထုအနေဖြင့် အထူးတလည် ကြောက်ရွံ့ရန်မလိုဘဲ ရောဂါပျံ့နှံ့နိုင်ခြေမှာ နည်းပါးကြောင်း၊ ၎င်းမှာ ကိုဗစ်ကဲ့သို့ မဟုတ်ကြောင်း ကနေရီကျွန်းစု၌ ပြောကြားခဲ့သည်။ WHO အနေဖြင့် ခရီးသည်အားလုံးကို ၄၂ ရက်ကြာ သီးခြားစောင့်ကြည့်ရန် အကြံပြုထားသည်။

     ယခုဖြစ်ပွားနေသည့် “အန်ဒီးစ်ဗိုင်းရပ်စ်”(Andes virus)မှာ လူအချင်းချင်း ကူးစက်နိုင်သည့် ရှားပါးမျိုးကွဲတစ်ခု ဖြစ်သော်လည်း နီးကပ်စွာ ထိတွေ့သူများအကြားသာ ကူးစက်လေ့ရှိသည်။

     လက်ရှိတွင် MV Hondius သင်္ဘောမှာ ပိုးသတ်သန့်စင်မှုများ ပြုလုပ်ရန် နယ်သာလန်နိုင်ငံ၊ ရော့တာဒမ် (Rotterdam)ဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းနေပြီး သင်္ဘောပေါ်တွင် ဝန်ထမ်း ၂၅ ဦးနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂ ဦးသာ ကျန်ရှိတော့သည်။ သင်္ဘောကပ္ပတိန် ယန် ဒိုဘရိုဂေါစကီး(Jan Dobrogowski) ကမူ ဤခက်ခဲသောအခြေအနေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သည့် သင်္ဘောဝန်ထမ်းများနှင့် ခရီးသည်များ၏ သတ္တိနှင့် စည်းလုံးမှုကို ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

​#Hantavirus #MVHondius #HealthUpdate #WHO #BreakingNews #PositiveAngleNews #GlobalHealth #Quarantine #MedicalNews

Telegram»…
https://t.me/positiveanglenews

#PAN