(ပြည်တွင်း) မေ ၂
ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနား မြို့အား သန့်ရှင်းသပ်ယပ်၍ မြို့တော်အင်္ဂါရပ်နှင့်အညီ သာယာလှပလာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူထုပူးပေါင်းပါဝင်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို မေ ၁ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော် မြို့တို့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့ပေါ် ရေဝပ်နေသော ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်စစ်ဆေးခဲ့သည်။
ယင်းအတွက် မြို့ပေါ်ရှိ ရှမ်းစုတောင်၊ အေးစေတီ၊ အောင်နန်း၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ခေမာသီရိနှင့် ကျွန်းပင်သာ ရပ်ကွက်များကို ဖြတ်သန်းကာ ရေကြည်ချောင်းမှတစ်ဆင့် ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သော အရှည် (၁၅၄၀၀) ပေ၊ အကျယ် (၅) ပေရှိ အမှတ် (၄) ပင်မရေနှုတ်မြောင်းကို စည်ပင်သာယာရေးအဖွဲ့မှ လူအားနှင့် ယန္တရားအင်အားများဖြင့် ရှင်းလင်းနေမှုကို ကြည့်ရှုခဲ့သည်။
ထိုသို့ စစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်နေပြည်သူများအား အမှိုက်မစွန့်ပစ်ရန်နှင့် မြို့ပေါ်ရေနှုတ်မြောင်းများအားလုံး သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် လမ်းသွယ် (၁၃)ရှိ လီဆူစာပေနှင့် ယဉ်ကျေးမှုကွင်းရှေ့တွင် ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက်တွင် စည်ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ လူငယ်စေတနာ့ဝန်ထမ်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားလူငယ်များ ပူးပေါင်း၍ Cleaning Campaign အဖြစ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က လူငယ်များ၏ ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး လူငယ်မိဿဟာယအဖွဲ့အား ချီးမြှင့်ငွေကျပ် သိန်း (၂၀) ပေးအပ်ခဲ့သည်။
ယင်းနောက် ဝိုင်းမော် မြို့သို့ ဆက်လက်သွားရောက်ကာ နန့်မြစ်ခချောင်းတံတားမှ မြို့ဝင်ဆိုင်းဘုတ်အထိနှင့် ရပ်ကွက်များအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဝိုင်းဝန်းပါဝင်အားပေးခဲ့သည်။
ထို့ပြင် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ပျိုးဥယျာဉ်ခြံတွင် မြို့စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးမည့် အပင်များ ပြုစုပျိုးထောင်ထားရှိမှုနှင့် လုပ်ငန်းသုံးယန္တရားများကိုလည်း စစ်ဆေးခဲ့ပြီး မြို့သာယာလှပရေးအတွက် အားထည့်ဆောင်ရွက်ကြရန်နှင့် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် အလေးထား စည်းရုံးဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့အပြင် ယနေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှိ ကုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။






#PAN