(မိုး/ဇလ) မေ ၂
၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်နေ့ မွန်းလွဲ (၂း၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ လွန်ခဲ့သော (၂၄) နာရီအတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာအနှံ့ မိုးရွာသွန်းခဲ့ပြီး ချင်းပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာခဲ့သည်။
နေ့အပူချိန်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် မေလ၏ ပျမ်းမျှအပူချိန်ထက် (၆) ဒီဂရီဆဲလ်စီးယပ်ထိ မြင့်တက်ခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း ပျမ်းမျှထက် မြင့်တက်နေသည်ကို တွေ့ရသည်။
ထူးခြားသည့် အပူချိန်များအနေဖြင့် ထားဝယ်မြို့နှင့် ကော့ကရိတ်မြို့တို့တွင် (၄၀.၈) ဒီဂရီဆဲလ်စီးယပ်၊ ကော့သောင်းမြို့တွင် (၃၉.၇) ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့သည်။
မိုးရေချိန်အများဆုံးဒေသများမှာ မြိတ် (၁.၂၆ လက်မ)၊ မြစ်ကြီးနား (၁.၀၆ လက်မ) နှင့် စစ်တွေ (၀.၈၇ လက်မ) တို့ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး မိုးတိမ်တောင်များ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်များတွင် ဖြစ်ထွန်းနေကြောင်း သိရသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အချို့တွင် နေရာအနှံ့ မိုးရွာနိုင်ပြီး နိုင်ငံတစ်ဝန်းတွင် မိုးထစ်ချုန်းရွာနိုင်မှု ရာခိုင်နှုန်း (၈၀) ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မိုးတိမ်တောင်များရွေ့လျားရာဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း အကြံပြုထားသည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့် (၄) ပေမှ (၇) ပေအထိ ရှိနိုင်ကြောင်း သိရသည်။

#PAN