မီးသတ်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းမှုများတွင် တနင်္သာရီတိုင်းဝန်ကြီးချုပ် လိုက်လံအားပေး

(ပြည်တွင်း) မေ ၂

မေလ ၅ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှစ် (၈၀) ပြည့်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး သည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ် (၁၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) တွင် လိုအပ်လျက်ရှိသော သွေးများ ဖြည့်ဆည်းနိုင်ရေးအတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်း၍ သွေးလှူဒါန်းနေမှုကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အားဖြည့်ဆေးဝါးများနှင့် အာဟာရအစားအစာများ ပေးအပ်ခဲ့သည်။

ထို့နောက် အဆိုပါဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့် တပ်မတော်သားများအား ဝန်ကြီးချုပ်က တစ်ဦးချင်းစီ၏ ဒဏ်ရာအခြေအနေ၊ ဆေးကုသမှုဆောင်ရွက်ထားရှိမှုများကို မေးမြန်းကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့ပြင် လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး ချီးမြှင့်ငွေများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားပြီး လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းအခမ်းအနားများတွင် ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူခြင်းနှင့် ဩဝါဒတရားများ နာယူခဲ့ကြပြီး ဝန်ကြီးချုပ်မှ လှူဖွယ်ဝတ္ထုငွေများနှင့်အတူ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ဆားနှင့် ငရုတ်ကြမ်းတို့ကို လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများသည် လူမှုကူညီရေးနှင့် သာသနာရေးဆိုင်ရာ လှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN