မကွေးတိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျ လမ်းပိတ်ဆို့မှုနှင့် နေအိမ်ထိခိုက်မှုများ ဖြစ်ပွား

(မိုး/ဇလ) ဧပြီ ၁၉

မကွေးတိုင်းဒေသကြီးအတွင်း ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျမှုများဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုနှင့် နေအိမ်ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ရှောက်တော–ကုန်းဇောင်း ကားလမ်းတစ်လျှောက်တွင် ဧပြ‌ီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် သစ်ပင်များ လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် ပွင့်ဖြူမြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာကာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်တွင် စလင်းမြို့နယ် ကူဖြူကျေးရွာအုပ်စု စာစီကျောင်းရပ်ကွက်တွင် ကုက္ကိုပင်တစ်ပင် နေအိမ်ပေါ်သို့ လဲကျခဲ့သဖြင့် စလင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပြီး သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက လမ်းပိတ်ဆို့မှုများ ပြန်လည်ဖယ်ရှားရေးနှင့် ထိခိုက်ပျက်စီးမှုများကို အချိန်မီ ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။