ရန်ကုန်-မန္တလေးအမြန်လမ်း Express ကားများ ကုန်ပစ္စည်းတင်ပါက အမြန်လမ်းသုံးခွင့် ရုပ်သိမ်းမည်

(ပြည်တွင်း) အောက်တိုဘာ ၂၈

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင် Express ကားများအနေဖြင့် ခရီးသည်များ၏ ပစ္စည်းများမှအပ အခြားကုန်ပစ္စည်းများ တင်ဆောင်ပါက အမြန်လမ်းသုံးစွဲခွင့် ရုပ်သိမ်းမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။

စည်းကမ်းဖောက်ဖျက်၍ ကုန်ပစ္စည်းတင်ဆောင်ခြင်းကို စစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ကုန်အလေးချိန်ကြောင့် တာယာပေါက်ခြင်း၊ ဘရိတ်မမိခြင်းနှင့် ယာဉ်တိမ်းမှောက်ခြင်းစသည့် မတော်တဆမှုများ ဖြစ်ပွားနိုင်သဖြင့် တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်များအနေဖြင့် က.ည.န သတ်မှတ်ထားသည့် ခရီးသည်ဦးရေအတိုင်းသာ တင်ဆောင်ရန်နှင့် တာယာ၊ ဘရိတ်၊ ယာဉ်အောက်ပိုင်းစနစ်များကို ပုံမှန်စစ်ဆေးရန်လည်း သတိပေးထားသည်။

ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၅၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၃၂ ဦး သေဆုံးကာ ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN