(နိုင်ငံတကာ) အောက်တိုဘာ ၂၈
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) သို့ မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်တက်ရောက်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးကိုသာ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။
အဆိုပါအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက မြန်မာအစိုးရသစ်အား ဖိတ်ကြားခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် တက်ရောက်ရန် ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးအပြီး ထုတ်ပြန်မည့် ပူးတွဲကြေညာချက်မူကြမ်းတွင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်နှင့်ပတ်သက်သည့် အသုံးအနှုန်းများအပြင် ကာကွယ်ရေးကဏ္ဍနှင့် တိုက်ရိုက်မသက်ဆိုင်သည့် နိုင်ငံရေးဆိုင်ရာ အချက်များပါဝင်နေခြင်းကို မြန်မာဘက်က ကန့်ကွက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
ယင်းအချက်များပါဝင်သည့် စာပိုဒ်နှစ်ပိုဒ်ကို ဖယ်ရှားပေးရန် မြန်မာကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သော်လည်း လိုက်လျောခြင်းမရှိသည့်အတွက် ဝန်ကြီးကိုယ်တိုင် တက်ရောက်ခြင်းမပြုဘဲ စစ်သံမှူးကိုသာ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရသစ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံ၏ ထုတ်ပြန်ချက်တစ်ရပ်အဖြစ်သာ အသိအမှတ်ပြုထားပြီး မြန်မာဘက်က သဘောမတူသည့် အချက်များကို အဖွဲ့ဝင်နိုင်ငံများအကြား ဘုံသဘောတူညီမှုမရရှိဘဲ ထုတ်ပြန်ခြင်းအပေါ် လက်မခံသည့် ရပ်တည်ချက်ရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် မြန်မာအစိုးရသစ်သည် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရန် ဆန္ဒရှိသော်လည်း နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် မကိုက်ညီသည့် နိုင်ငံရေးဖိအားပေးမှုများကို လက်ခံမည်မဟုတ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရာတွင်လည်း တန်းတူညီမျှမှုကို အခြေခံ၍ တစ်နိုင်ငံချင်းအလိုက် ဆက်ဆံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
သို့သော် မြန်မာကာကွယ်ရေးဝန်ကြီး မတက်ရောက်ခဲ့သည့် အကြောင်းရင်းနှင့် ပူးတွဲကြေညာချက်မူကြမ်းအပေါ် သဘောထားကွဲလွဲမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တရားဝင်ထုတ်ပြန်ချက်များဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

Telegram – t.me/positiveanglenews
#PAN