
(ပြည်တွင်း) ဧပြီ ၂၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်–ရန်ကုန်လမ်းပိုင်း)တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော လမ်းနှင့် တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆွာချောင်းတံတား အသစ်တည်ဆောက်နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ် (၁၆၅/၁) ရှိ ဆွာချောင်းတံတားသို့ ရောက်ရှိကာ လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေး အဖွဲ့တာဝန်ခံမှ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် တံတားနေရာတွင် အသစ်အစားထိုး တည်ဆောက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
တင်ပြချက်များအရ တံတားအသစ်ကို ငလျင်ပြင်းအား ၈ အထိ ခံနိုင်ရည်ရှိစေရန် ဒီဇိုင်းရေးဆွဲထားပြီး မြေသားခံနိုင်ရည်မြှင့်တင်ရန် မြေစမ်းသပ်ခြင်းနှင့် ဘူမိရူပဗေဒတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် Pile Cap၊ Pier Shaft နှင့် Top Beam များ တည်ဆောက်ပြီး Steel Plate Girder များ တပ်ဆင်ကာ ကြမ်းခင်းကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းတင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဆွာချောင်းတံတားတည်နေရာသည် မိုးရာသီတွင် ရေကြီးရေလျှံမှုနှင့် မန္တလေးငလျင်ဒဏ်တို့ကို ပြင်းထန်စွာ ခံခဲ့ရသည့် ဒေသဖြစ်သဖြင့် ငလျင်ဒဏ်ခံနိုင်မှုကို အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို အထူးအလေးထားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် လုပ်ငန်းခွင်သို့ ဆက်လက်သွားရောက်ကာ Steel Plate Girder များ တပ်ဆင်ပြီးစီးမှု၊ ကြမ်းခင်းကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ၊ Elastomeric Bearings များ တပ်ဆင်ထားရှိမှု၊ အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းများနှင့် ရေတိုက်စားမှုကာကွယ်ရေးဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ လမ်းနှင့် တံတားများ ပျက်စီးခဲ့ရာ ပြုပြင်ဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး မိုင်တိုင်အမှတ် (၁၉၀/၁) ရှိ မှောက်ခုံချောင်းတံတားကိုလည်း ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခု တည်ဆောက်နေသည့် ဆွာချောင်းတံတား (အပြန်လမ်း) ကို ၂၀၂၆ ခုနှစ် ဇွန်လတွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပြီး တံတားအသစ် ပြီးစီးပါက လက်ရှိအသုံးပြုနေသည့် ယာယီဘေလီတံတားကိုလည်း အစားထိုးကာ ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။