မြန်မာ-ရုရှား-တရုတ် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး ရေနံထောက်ပံ့ရေး သဘောတူညီမှု လက်မှတ်ရေးထိုး

(ပြည်တွင်း) ဧပြီ ၂၀

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov နှင့် ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E. Tsivilev တို့၏ ဖိတ်ကြားမှုအရ ဧပြီလ ၁၂ ရက်မှ ၁၉ ရက်အထိ ရုရှားဖက်ဒရေးရှင်းနှင့် တရုတ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအကြီးအကဲများ၊ ဒေသဆိုင်ရာအကြီးအကဲများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ၊ ရုရှားနှင့် တရုတ် သုံးနိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အထူးသဖြင့် စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးရရှိစေရန် အကောင်အထည်ဖော်မည့် အစီအမံများကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအတွက် ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ရေရှည်အထိ တည်ငြိမ်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းလည်း သုံးသပ်ထားသည်။