(မိုးဇလ) ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့တွင် ဧပြီ ၁၇ ရက် ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အများပြည်သူသုံး အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် မိုးသက်လေပြင်းဒဏ်ကြောင့် နေအိမ် ၃၇၅ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၁၀ လုံးမှာ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင်လည်း နေအိမ် ၆၃၉ လုံး၊ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ကျေးလက်ဆေးပေးခန်း ၁ လုံးတို့ အမိုးလန်ခြင်းနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၅၇ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းလည်း သိရှိရသည်။
မိုးသက်လေပြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ လဲကျနေသောသစ်ပင်များကို ခုတ်ထွင်ဖယ်ရှားခြင်းနှင့် လိုအပ်သည့် အကူအညီပေးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် မိုးရာသီကာလအတွင်း မိုးသက်လေပြင်းများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးထားကြောင်း သိရသည်။


#PAN