( မှုခင်း) ဇွန် ၂
အွန်လိုင်းကတစ်ဆင့် ကုန်ပစ္စည်းတွေကို တရားမဝင် တင်သွင်းရောင်းချပြီး အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ ချမ်းမြငြိမ်း(ခ)ချမ်းချမ်း(အဆိုတော်)ရဲ့ ခိုင်းစေမှုနဲ့ တရားမဝင်လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နေသူတွေကို ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၁x၈၂ လမ်းကြား၊ ၃၃ လမ်းမှာနေထိုင်တဲ့ Treasure Hnin Online Shop လုပ်ငန်းလုပ်ကိုင်သူ ဖြူဖြူနှင်းနဲ့ မေလ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့ နယ်၊ ၅၄ ရပ်ကွက်၊ ချယ်ရီ ၁ လမ်းနဲ့ ရွှေသပြေလမ်းထောင့်၊ အမှတ်(၃/က) မှာနေထိုင်တဲ့ ဘုန်းမြင့်အောင်တို့ကို ဖမ်းဆီးရမိတယ်လို့ သိရတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့တရားခံ ၂ ဦးဟာ နိုင်ငံ့ဝန်ထမ်းတွေနဲ့(Disloyalty Civil Servant DCS) လှုပ်ရှားမှုမှာပါဝင်ဖို့ လှုံ့ဆော်ခဲ့ကြသလို နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဖို့နဲ့ ဆူပူအုံကြွမှုဖြစ်ပေါ်ဖို့ Social Media တွေကတစ်ဆင့် Post တင်ရေးသားခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လှစ်ခံခဲ့ရပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အဆိုတော်ချမ်းမြငြိမ်း(ခ) အဆိုတော် ချမ်းချမ်း ပြည်ပက တရားမဝင်တင်ပို့လိုက်တဲ့ နိုင်ငံခြားဖြစ်ပစ္စည်းတွေကို အခကြေးငွေနဲ့ ထပ်ဆင့်ဖြန့်ဝေရောင်းချတာတွေ ငွေကြေးကောက်ခံပေးတာတွေနဲ့ချမ်းမြငြိမ်း(ခ)ချမ်းချမ်း ပေးပို့စေလိုတဲ့ အကြမ်းဖက်အဖွဲ့တွေဆီကို ငွေကြေးထောက်ပံ့ ပေးရသူတွေဖြစ်တယ်လို့ သိရပါတယ်။

ချမ်းမြငြိမ်း(ခ) အဆိုတော် ချမ်းချမ်းဟာ Shop Me အမည်နဲ့ Facebook Page ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ဖွင့်လှစ်ခဲ့ပြီး အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားဖြစ် လက်ကိုင်အိတ်၊ နာရီ၊ ခါးပတ်နဲ့ အင်္ကျီစတဲ့အသုံးအဆောင်ပစ္စည်းတွေကို အွန်လိုင်းကတစ်ဆင့် ရောင်းချပြီး ပြည်တွင်းကို တရားမဝင်တင်သွင်းကာ ဖြန့်ဖြူးရောင်းချနေသူဖြစ်တဲ့အပြင် ရရှိလာတဲ့ငွေကြေးတွေအနက် အချို့ကို ကိုယ်ကျိုးအတွက် သုံးစွဲပြီး အချို့ကို အကြမ်းဖက်အဖွဲ့အစည်းတွေဆီကို ထောက်ပံ့ပေးတာတွေ ဆောင်ရွက်နေသူဖြး်တယ်လို့ လည်း သိရပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဥပဒေနဲ့ အညီဖြစ်စေရေးအတွက် လိုအပ်တဲ့အမိန့်တွေ ထုတ်ပြန်ပေးနေပြီး အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းကိုလည်း အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီး ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်က ပြောပါတယ်။
အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းတွေကို ညွှန်ကြားချက်နဲ့အညီ ရောင်းချခွင့်မှတ်ပုံတင်လက်မှတ်မရှိဘဲ ပြည်တွင်း/ပြည်ပက တရားမဝင်ရောင်းချတာတွေ ပြည်ပကဥပဒေမဲ့တင်သွင်းရောင်းချသူတွေနဲ့ချိတ်ဆက်ပြီး ထပ်ဆင့်ဖြန့်ဝေရောင်းချတာတွေကြောင့် နိုင်ငံတော်ရဲ့အခွန်ဘဏ္ဍာတွေဆုံးရှုံးစေလျက်ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ဖမ်းဆီးရမိတဲ့တရားခံတွေဖြစ်တဲ့ ဖြူဖြူနှင်းနဲ့ ဘုန်းမြင့်အောင်တို့ကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ဖို့ဆောင်ရွက်နေပြီး NUG/PDF အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့မှုပြုလုပ်နိုင်ဖို့ လူမှုကွန်ရက်များပေါ်မှာ တရားမဝင် ဈေးရောင်းချနေတဲ့ ပန်ဆယ်လို အကောင့်ပိုင်ရှင် အိမ့်ပိုးဥ၊ Ma Irene အကောင့်ပိုင်ရှင် အိုင်ရင်း၊ ShweNadi အကောင့်ပိုင်ရှင် သင်းသင်းနွယ်၊ Zune Nilar Htay အကောင့်ပိုင်ရှင် ဇွန်နီလာဌေး၊ Aung Thaw အကောင့်ပိုင်ရှင် အောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမ ခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် ထက်နီနီသန်း၊ Tr Chan Chan အကောင့်ပိုင်ရှင် ချမ်းမြမြသော် စတဲ့ လူမှုကွန်ရက်အကောင့်တွေနဲ့ ချိတ်ဆက်ခြင်း၊ ရောင်းချတဲ့ပစ္စည်းတွေကိုဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းနဲ့ ခုလိုလုပ်ဆောင်နိုင်ဖို့ နည်းလမ်းတစ်ခုခုနဲ့ ကူညီဆောင်ရွက်နေသူတွေကိုလည်း အကြမ်းဖက်ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး စိစစ်ဖော်ထုတ်မှုတွေဆောင်ရွက်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
#PAN