မဲရာမတ်တွင် မြန်မာနိုင်ငံသား ၃ ဦးအပါအဝင် လူ ၄ ဦးကို လူမှောင်ခိုမှုဖြင့် ဖမ်းဆီး

(နိုင်ငံတကာ) နိုဝင်ဘာ ၁၃

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲရာမတ်မြို့နယ်အတွင်း နယ်စပ်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းသည့် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသူများကို ထိုင်းရိန်းဂျားတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦးအပါအဝင် စုစုပေါင်း ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါဖမ်းဆီးမှုကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် အမှတ် ၃၅ ရိန်းဂျားအထူးတပ်ဖွဲ့၊ အမှတ် ၃၅၀၃ ရိန်းဂျားတပ်ခွဲမှ တာဝန်ရှိသူများက တာ့ခ်ခရိုင်၊ မဲရာမတ်မြို့၊ ခိန်းချူးအုပ်စု၊ ဘန်ဖလာရိန်းဂျားစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းကြောင်းတစ်ခု၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများကို စစ်ဆေးရာတွင် မှတ်ပုံတင်အထောက်အထား စာရွက်စာတမ်းများ မတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့က ထိုနေ့ မွန်းတည့်ချိန်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှတစ်ဆင့် ထွက်ခွာလာပြီး သောင်ရင်းမြစ်ကို လှေဖြင့်ဖြတ်ကူးကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ရောက်ရှိချိန်တွင် ပေးချေရမည့် မှောင်ခိုခအဖြစ် ဘတ် ၂၁,၀၀၀ ပေးဆောင်ရန် သဘောတူထားကြောင်း ထွက်ဆိုခဲ့သည်။

လူမှောင်ခိုဂိုဏ်းခေါင်းဆောင်က ၎င်းတို့အဖွဲ့ကို မဲဆောက်မြို့၊ သာဆိုင်လွတ်တိုက်နယ်မှ သွားရောက်ခေါ်ယူခဲ့ပြီး ဥတ္တရဒစ်ခရိုင်၊ ပီချိုင်းမြို့ရှိ ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးမည့်အစီအစဉ်ဖြင့် ဘတ် ၉,၀၀၀ ရယူထားကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူများသည် ဘန်ဖလာနယ်စပ်ကင်းလှည့်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းကာ ခြေလျင်လမ်းကြောင်းမှတစ်ဆင့် ဖြတ်သန်းရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူနိုင်ရန် မဲရာမတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၄၂ နှစ်အရွယ် မစ္စတာ ပန်ညာ သီယန်ထေဝါ၊ အသက် ၂၉ နှစ်အရွယ် မစ္စ ဝါဝါလှိုင်၊ အသက် ၁၈ နှစ်အရွယ် မစ္စ သန်းသန်းဝေနှင့် အသက် ၃၀ နှစ်အရွယ် မစ္စ တိုးတိုးဝေတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အဆိုပါဖြစ်စဉ်နှင့်ဆက်စပ်၍ ကြေးဝါရောင် Ford Ranger ပစ်ကပ်ထရပ်ကားတစ်စီး၊ လိုင်စင်နံပါတ် BP 7895 ဆူခိုထိုင်းကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN