(ပြည်တွင်း) နိုဝင်ဘာ ၁၃
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးတင်မောင်ဆွေ၊ ဦးအောင်ကျော်ဟိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအပြင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Tor Saralamba၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Kallayana Vipattipumiprates နှင့် အဖွဲ့ဝင်များ ပါဝင်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနှင့်ထိုင်းနိုင်ငံတို့၏ အိမ်နီးချင်းမိတ်ဆွေနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေရေး၊ မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်မှုနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံပြည်သူများအပါအဝင် နိုင်ငံတကာ၏ လူမှုစီးပွားဘဝများကို ထိခိုက်စေသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းနှိမ်နင်းနေသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံနယ်စပ်တစ်လျှောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြစ်ချောင်းများတွင် ရေကြီးရေလျှံမှုနှင့် ရေညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်မှု တိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လည်း ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံက ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ဘေးကင်းလုံခြုံရေး၊ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် နှစ်နိုင်ငံဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့သည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

Telegram – t.me/positiveanglenews
#PAN