(ပြည်တွင်း) နိုဝင်ဘာ ၁၃
“ဝ” ဒေသအတွင်း အွန်လိုင်းမှတစ်ဆင့် သတင်းမှားများ ဖြန့်ဝေခြင်းနှင့် တရားမဝင်ဗီဒီယိုများ ရိုက်ကူးတင်ဆက်ခြင်းတို့ကို စောင့်ကြည့်စစ်ဆေးပြီး ကျူးလွန်သူများအား တင်းကျပ်စွာ အရေးယူသွားမည်ဖြစ်ကြောင်း “ဝ” တရားရေးဌာနက ထုတ်ပြန်ထားသည်။

TikTok၊ Facebook နှင့် WeChat စသည့် လူမှုကွန်ရက်ပလက်ဖောင်းများမှတစ်ဆင့် ဖြစ်ပေါ်နေသည့် စည်းကမ်းဖောက်ဖျက်မှုများကို ထိန်းချုပ်ရန် “ဝ” ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အင်တာနက်စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ အွန်လိုင်းအသုံးပြုမှုများအပေါ် ထိန်းချုပ်ရေးအစီအစဉ် ထုတ်ပြန်လာခြင်းမတိုင်မီ “ဝ” ပြည်ထောင်စုတပ်မတော် (UWSA) ၏ အမှတ်တံဆိပ်ပါဝင်သည့် လိင်ပိုင်းဆိုင်ရာ အသားပေး 18+ ဗီဒီယိုတစ်ခု လူမှုကွန်ရက်များပေါ် ပျံ့နှံ့ခဲ့သည်။ အဆိုပါဗီဒီယိုတွင် တရုတ်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားအချို့ ပါဝင်သရုပ်ဆောင်ထားပြီး UWSA အမှတ်တံဆိပ်ပါ ဝတ်စုံများ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

အင်တာနက်စောင့်ကြည့်ရေးအဖွဲ့၏ အဓိကစစ်ဆေးအရေးယူမည့် ကိစ္စရပ်များတွင် အကြောင်းမဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ သတင်းအမှားနှင့် ကောလာဟလဖြန့်ဝေမှုများအပြင် မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများကို အွန်လိုင်းမှ ကြော်ငြာခြင်း၊ ယင်းတို့နှင့်ပတ်သက်သည့် ဗီဒီယိုများ ရိုက်ကူးတင်ဆက်ခြင်းတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

စည်းကမ်းဖောက်ဖျက်ထားသည့် အွန်လိုင်းဗီဒီယိုဖိုင် ၁၀၀ ကျော်ကို လက်ရှိအချိန်အထိ ဖယ်ရှားနိုင်ခဲ့ပြီး ယင်းကိစ္စများတွင် ပါဝင်ပတ်သက်သူများကို သတိပေးခြင်း၊ ဒဏ်ငွေချမှတ်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
ထို့အပြင် စားသောက်ဆိုင်များအတွင်း K ဟုခေါ်သည့် မူးယစ်ဆေးဝါး သုံးစွဲနေသည့် အခြေအနေများကို ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်ပေါ် တင်ခဲ့သူများကို အရေးယူခဲ့သည့်အပြင် တိုက်ခန်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲပြီး စည်းကမ်းမဲ့ပြုမူနေမှုများကို ရိုက်ကူးတင်ခဲ့သူများကိုလည်း အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
အွန်လိုင်းအသုံးပြုသူများအနေဖြင့် အင်တာနက်ပေါ်တွင် မိမိတို့စိတ်ကြိုက် တရားမဝင်လုပ်ရပ်များ လုပ်ဆောင်ခွင့်မရှိကြောင်း သတိပေးထားပြီး သတ်မှတ်စည်းကမ်းများကို လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။
အလားတူ မသမာသော ဗီဒီယိုများနှင့် သတင်းအမှားများကို တွေ့ရှိပါက ဖြန့်ဝေသူများနှင့် သက်ဆိုင်သူများအား တင်းကျပ်စွာ အရေးယူသွားမည်ဖြစ်ကြောင်း “ဝ” တရားရေးဌာနက ထပ်မံသတိပေးထားသည်။
သတင်းအပြည့်အစုံဖတ်ရန် –
Telegram – t.me/positiveanglenews
#PAN