(နိုင်ငံတကာ) ဧပြီ ၂၉

အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံနှင့် တင်းမာမှုမြင့်တက်နေချိန်တွင် ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် ၂၆ စင်းကို ဝယ်ယူလိုက်ကြောင်းသိရသည်။
အဆိုပါတိုက်လေယာဉ်များ ဝယ်ယူမှုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၁ ဘီလီယံရှိပြီး ဝယ်ယူမှုအတွက် သဘောတူလက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါတိုက်လေယာဉ် ၂၆ စင်းတွင် တစ်ယောက် ထိုင်တိုက်ခိုက်ရေးလေယာဉ် ၂၂ စင်းနှင့် နှစ်ယောက် ထိုင်အမောင်းသင်လေယာဉ်လေးစင်းပါဝင်ကြောင်း၊ ယင်းတိုက်လေယာဉ်များကို ၂၀၃၁ ခုနှစ်တွင် အပြီးသတ် လွှဲပြောင်းပေးသွားရမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ယင်းသဘောတူညီချက်တွင် တိုက်လေယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းမှု၊ လိုအပ်ချက်များကို ထောက်ပံ့ပေးမှုနှင့် လေယာဉ်မှူးများအား သင်တန်းပေးမှုများ ပါဝင်သည့်အပြင် လေယာဉ်အတွက်လိုအပ်သော အစိတ်အပိုင်းများကို ပြည်တွင်း၌ထုတ်လုပ်မှုတို့လည်းပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အိန္ဒိယနိုင်ငံက ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ်များကို ဝယ်ယူခြင်းသည် ရေတပ်၏ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ လေယာဉ်တင် သင်္ဘောအခြေပြု အင်ဂျင်နှစ်လုံးတပ်လေယာဉ်များကို ပြည်တွင်း၌ ထုတ်လုပ်အသုံးပြုနိုင်သည့်အချိန်အထိ ကွာဟချက်ကို ဖြည့်တင်းပေးရန်တို့အတွက်ဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews