နစက ပြန်လည်အုပ်ချုပ်တော့မှာ ဖြစ်လို့ လားရှိုးမြို့က ကိုးကန့်အဖွဲ့ ဆုတ်ခွါဖို့ ပြင်ဆင်


(ပြည်တွင်း) ဧပြီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြန်လည် အုပ်ချုပ်တော့မှာ ဖြစ်လို့ လားရှိုးမြို့ကနေ ကိုးကန့်တပ် (MNDAA) အဖွဲ့ ဆုတ်ခွာဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

လားရှိုးမြို့ပေါ်ကို နစကအစိုးရက ပြန်လည်အုပ်ချုပ်တော့မှာ ဖြစ်တာကြောင့် MNDAA အဖွဲ့အနေနဲ့ လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ အပြီး ဆုတ်ခွာရမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ MNDAA အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့ကမြန်မာ့တပ်မတော်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိ‌တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ပြီး MNDAA ရဲ့ အုပ်ချုပ်မှုယန္တရားနဲ့ လည်ပတ်နေခဲ့တာလည်း ဖြစ်ပါတယ်။

နစကအစိုးရက ပြန်လည် အုပ်ချုပ်တော့မှာ ဖြစ်တာကြောင့် လက်ရှိအချိန်မှာ MNDAA အဖွဲ့က ခန့်ထားတဲ့ လားရှိုးမြို့မ ဆေးရုံ ဝန်ထမ်းတွေကို အလုပ်ဖြုတ်လိုက်ပြီ ဖြစ်တယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

MNDAA အဖွဲ့က လားရှိုးမြို့ကနေ ဆုတ်ခွါသွားမှာ ဖြစ်ပေမယ့် လားရှိုးမြို့အပြင်ဘက်မှာ MNDAA အဖွဲ့ရဲ့ အထူးဒေသ ၁ အဖြစ် ဆက်လက်ရပ်တည်နေဦးမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်နဲ့ MNDAA အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေက တရုတ်နိုင်ငံမှာဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အပစ်ရပ်ပြီဖြစ်တယ်လို့ တရုတ်အစိုးရက ကြေညာပြီးနောက် MNDAA တပ်တွေ လားရှိုးမြို့က ဆုတ်ခွာရမှာဖြစ်တယ်လို့ သတင်းများ ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ကနေစလို့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ ဆိုတဲ့ စစ်ဆင်ရေးတစ်ခုကို အကောင်အထည်ဖော်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ တားမိုးညဲ၊ ကြူကုတ်(ပန်ဆိုင်း)၊ လောက်ကိုင်၊ ကုန်ကြမ်းမြို့တွေကို MNDAA အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး TNLA အဖွဲ့ကလည်း နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မိုင်လုံ၊ ကျောက်မဲ၊ မန်တုံ၊ သီပေါ၊ မိုးမိတ်၊ နမ္မတူ၊ နောင်ချိုနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တွေကိုပါ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN