(ပြည်တွင်း) စက်တင်ဘာ ၁၆
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံအနေဖြင့် အဓိကလိုအပ်ချက်မှာ စီးပွားရေးဖြစ်ပြီး စီးပွားရေးဖော်ဆောင်နိုင်ရန် ငြိမ်းချမ်းရေးသည် အဓိကဖြစ်ကြောင်း ပြောကြားသည်။
ညှိနှိုင်းရေးကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ကြိုတင်ကန့်သတ်ချက်များ မထားဘဲ တစ်ပြေးညီ ဖိတ်ခေါ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ဆွေးနွေးညှိနှိုင်းမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ယခင်သဘောတူညီခဲ့သည့် အချက်များကို လိုက်နာဆောင်ရွက်ပြီး ရှေ့ဆက်အကောင်အထည်ဖော်မည့် နည်းလမ်းများကို ဆွေးနွေးပေးစေလိုကြောင်း၊ ယခင်ချုပ်ဆိုခဲ့သည့် စာချုပ်များကို လေးစားလိုက်နာပြီး ဆောင်ရွက်ခဲ့ကြောင်းလည်း ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်နိုင်ရန် ယုံကြည်မှုတည်ဆောက်ရေးသည် အရေးကြီးပြီး နည်းလမ်းမျိုးစုံဖြင့် ဆက်သွယ်ဆောင်ရွက်စေလိုကြောင်း၊ နှစ်ဖက်အပြန်အလှန် ထိတွေ့ဆက်ဆံဆောင်ရွက်ခြင်းမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှု တိုးလာမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
ထို့နောက် RCSS အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းက အစိုးရသစ်ဖွဲ့ပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင်ဖိတ်ခေါ်ခဲ့ခြင်းကို ကြိုဆိုကြောင်း ပြောကြားသည်။
ဇူလိုင်နှင့် ဩဂုတ်လအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံမှုများသည် ဆွေးနွေးခြင်းလုပ်ငန်းစဉ် တိုးတက်မှုကို ပြသသကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းကို အလေးထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ယုံကြည်မှုသည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်အတွင်း ပြည်သူများ နေရပ်ပြန်လာနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအမံများကို ဆောင်ရွက်ပေးရန်လိုကြောင်းလည်း ပြောကြားသည်။
ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေကြောင်း၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယနေ့ဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ရရှိမည်ဟု ယုံကြည်ကြောင်း စဝ်စိုင်းငင်းက ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ RCSS အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အလားတူ ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည့် ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားနှင့် ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်ဖက်အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ RCSS အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် စဝ်အောင်တိန်းနှင့် စဝ်လံတိုင်း၊ ဗဟိုဦးစီးကော်မတီဝင်များဖြစ်သည့် စဝ်စိုင်းဟန်၊ စဝ်ယွက်ခမ်း၊ စဝ်စိုင်းလျဲန်း၊ နန်းမိုးမိုးစောနှင့် ဗဟိုကော်မတီဝင် နန်းဟန်လောဝ်တို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Telegram – t.me/positiveanglenews
#PAN