မလေးရှားထိန်းသိမ်းရေးစခန်း ၂ ခုမှ မြန်မာနိုင်ငံသား ၆၂ ဦး စက်တင်ဘာ ၁၇ ရက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်

(နိုင်ငံတကာ) စက်တင်ဘာ ၁၆

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့က တာဝန်ယူ၍ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းရေးစခန်းများဖြစ်သည့် Kemenyan Camp နှင့် Beranang Camp တို့မှ မြန်မာနိုင်ငံသား ၆၂ ဦးကို စက်တင်ဘာ ၁၇ ရက် (ကြာသပတေးနေ့) တွင် မြန်မာ့လေကြောင်းအမှတ်စဉ် 8M-502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့က အသိပေးကြေညာထားသည်။

အဆိုပါ ပြန်လည်ပို့ဆောင်မည့်စာရင်းကို သက်ဆိုင်သူများနှင့် မိသားစုဝင်များ သိရှိနိုင်ရန် မြန်မာသံရုံးက ထုတ်ပြန်အသိပေးထားခြင်းဖြစ်သည်။

ထို့အပြင် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မိသားစုဝင်များထံသို့ တာဝန်ရှိသူမဟုတ်သူများက ငွေကြေးလိမ်လည်တောင်းခံသည့် ဖြစ်စဉ်များကို ကာယကံရှင်များထံမှ ပြန်လည်သိရှိရကြောင်း သံရုံးက ဆိုသည်။

ထို့ကြောင့် သက်ဆိုင်ရာ မိသားစုဝင်များနှင့် နီးစပ်ရာအသိုက်အဝန်းများအနေဖြင့် အဆိုပါကိစ္စများနှင့် ပတ်သက်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ မခံရစေရန် သတိထားဆောင်ရွက်ကြရန် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့က အသိပေးထားသည်။

Telegram – t.me/positiveanglenews

#PAN